လိပ်သိုဒေသထွက် တောင်ပေါ်သခွားသီးများ အရွယ်အစားပေါ်မူတည်၍ ဈေးရရှိ

လိပ်သို     ဩဂုတ်      ၃၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသခံများသည် ဥယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်သီးနှံများကို အဓိကစိုက်ပျိုးလျက်ရှိရာ တောင်ယာခင်းများတွင် သခွားသီးများကို ကြားညှပ်သီးနှံအဖြစ် စိုက်ပျိုးလေ့ရှိပြီး ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။

တောင်ပေါ်သခွားသီးများကို လိပ်သိုမြို့အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ဆိုင်ကယ်များဖြင့် မြို့ပေါ်အထိ လာရောက်ရောင်းချလေ့ရှိပြီး သခွားသီးအလုံးအကြီးအသေးပေါ် မူတည်၍ တစ်လုံးလျှင် ငွေကျပ် (၁၀၀ဝိ/-) မှ (၂၀၀ဝိ/-) အထိ ရရှိလျက်ရှိကြောင်း ဥယျာဉ်ခြံစိုက်ပျိုးသူတစ်ဦးထံမှ သိရသည်။

တောင်ပေါ်သခွားပင်များကို မိုးဦးကာလတွင် စတင်စိုက်ပျိုးလေ့ရှိပြီး တောင်ယာစပါးခင်းများနှင့် တောင်ယာနနွင်းခင်းများတွင် ကြားညှပ်သီးနှံအဖြစ် စိုက်ပျိုးကြကြောင်း၊ တောင်ပေါ်သခွား သီးများမှာ အလုံးအရွယ်အစားကြီးမားပြီး အသီးနုချိန်တွင် ချိုသောအရသာရှိသော်လည်း ရင့်မှည့်သွားချိန်တွင် အနည်းငယ်ချဉ်သော အရသာ ပြောင်းသွားကြောင်း၊ မှည့်နေသောအသီးမှ အစေ့များကို  အခြောက်ခံ၍ နောင်နှစ်စိုက်ပျိုးရန် မျိုးအဖြစ် ပြန်လည်သိမ်းဆည်းထားရကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)