ဟားခါး သြဂုတ် ၃၀
ချင်းပြည်နယ်စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၈/၂၀၂၃) ကို သြဂုတ်လ ၂၉ ရက်နေ့ ညနေ ၃ နာရီအချိန်က ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ် စီးပွားရေးရာဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးတွင် ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက ပြည်နယ်စားသုံးသူရေးရာကော်မတီအနေဖြင့် ယခင်အစည်းအဝေးဆုံးဖြတ်ချက်ထားသည့်အတိုင်း လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နိုင်သည်ကို တွေ့ရှိရသည့်အတွက် တာဝန်ရှိသူအားလုံး အသိအမှတ်ပြုပါကြောင်း၊ စားသုံးသူပြည်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ အသိပညာပေးလုပ်ငန်းကို စဉ်ဆက်မပျက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အစည်းအဝေး တက်ရောက်လာကြသည့် ကော်မတီဝင်များအနေဖြင့် လုပ်ငန်းများနှင့်ပတ်သက်၍ ဝိုင်းဝန်းအကြံပြု စေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။
ဆက်လက်၍ ပြည်နယ်စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးဦးလှမိုးနိုင်က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် အစီအမံများကို ရှင်းလင်းတင်ပြပြီး အစည်းအဝေး
တက်ရောက်လာကြသည့် ပြည်နယ်စားသုံးသူကော်မတီအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးတင်ပြကြကာ ပြည်နယ်စီးပွားရေးရာဝန်ကြီးက လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
မောင်ထွန်းတောက်
ခရိုင် (ပြန်/ဆက်)