ပုသိမ် ဩဂုတ် ၃၀
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ယမန်နေ့ နေ့လယ်ပိုင်းက မအူပင်မြို့နယ်နှင့် ကျိုက်လတ်မြို့နယ်များ၌ ပန်းခင်းစီမံချက်(၂)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားဆောင်ရွက် ပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မအူပင်မြို့၊ အမှတ်(၆) ရပ်ကွက်၊ အနန္တသုခ ဘုရားတန်ဆောင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန၊ မအူပင်မြို့နယ် ဦးစီးမှူးရုံးမှ မြေပြင်လူဦးရေ စာရင်းများတိုက်ဆိုင်စစ်ဆေးခြင်း၊ ပန်းခင်းစီမံချက်(၂)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စာရင်းရေးသွင်းမှုများ မှားယွင်းမှုမရှိ စေရေး အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း စာရင်းများ ပြည့်စုံ မှန်ကန်စေရေး စနစ်တကျ ဆောင်ရွက်ပေးကြရန် မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မအူပင်မြို့နယ်၊ အိုင်ဝိုင်းကျေးရွာရှိ တောင်သူ ဦးအောင်သန်းဌေး၏ စိုက်ဧက(၅)၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဆင်းသုခမျိုးစေ့ထုတ် စိုက်ခင်း ဖြစ်ထွန်းအောင်မြင်နေမှုများအား ကြည့်ရှုအားပပေးခဲပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများသည် မအူပင်မြို့၊ ဘိုးဘွားရိပ်သာသို့ ရောက်ရှိ၍ ဘိုးဘွား (၃၇)ဦးအတွက် အလှူငွေများ ထောက်ပံ့လှူဒါန်းခဲ့ပြီး ဘိုးဘွားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မအူပင်မြို့နယ်၊ ကျုံစုတ်ကျေးရွာရှိ တောင်သူ ဦးဇော်ဝင်း၏ လယ်ဧက(၃)ဧက၌ တစ်နှစ်သုံးသီးစိုက် မိုးစပါးသီးနှံ GW-11စပါး ရိတ်သိမ်းနေမှုများအား ကြည့်ရှုအားပေးခဲ့သည်။ မအူပင်မြို့နယ်နှင့် ကျိုက်လတ် မြို့နယ်များရှိ သုံးသီးစိုက်လယ်မြေများတွင် တောင်သူများမှ မိုးစပါးသီးနှံများ စတင်ရိတ်သိမ်းဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျိုက်လတ်မြို့နယ်၊ တာပတ်ကျေးရွာ၊ မအူပင်-ကျိုက်လတ် ကားလမ်ဘေးတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ထုတ်ရန်အတွက် ပိုက်ဆံလျှော်မျိုးစေ့များအား တာဝန်ရှိသူများနှင့်အတူ စုပေါင်း ကြဲပက်ခဲ့ ကြပြီး ဖျာပုံခရိုင် အုပ်ချုပ်ရေးမှူးမှူးမှ ခရိုင်အတွင်း ပိုက်ဆံလျှော်မျိုးစေ့ထုတ် စိုက်ခင်းများ စိုက်ပျိုးဆောင်ရွက်ထားရှိမှုများအား ရှင်းလင်း တင်ပြခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျိုက်လတ်မြို့နယ်၊ တာယာဝဲကျေးရွာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျိုက်လတ်မြို့နယ် ဦးစီးမှူးရုံးမှ မြေပြင်လူဦးရေ စာရင်းများတိုက်ဆိုင်စစ်ဆေးခြင်း၊ ပန်းခင်းစီမံချက် (၂)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စာရင်းများပြည့်စုံ မှန်ကန်စေ ရေးနှင့် စနစ်တကျဆောင်ရွက်ပေး ကြရန်မှာကြားခဲ့သည်။
လှမင်းထွဋ်(ပြန်/ဆက်)