တမူး သြဂုတ် ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်လူမှုဝန်ထမ်းရုံးမှ သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ၊ နည်းဥပဒေများအသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က အခြေခံပညာ အထက်တန်းကျောင်းခွဲ(တမူး)၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် တမူးခရိုင် လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဒေါ်သက်သက်ကျော်က သက်ကြီး ရွယ်အိုများ၏ အခွင့်အရေးများ၊ မိဘဘိုးဘွားများ အား စရိတ်ထောက်ပံ့ပေးမှုအခြေအနေများ၊ ကြည့်ရှုစောင့်ရှောက်ခြင်းနှင့် သား/သမီး၊ မြေး/မြစ်တို့၏ တာဝန်များ၊ သက်ကြီးရွယ်အိုများဆိုင်ရာ ပြစ်မှုနှင့် ပြစ်ဒဏ်များတို့ကို ဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများ၏ သိရှိလိုသည့်မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ တမူးခရိုင် လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဒေါ်သက်သက်ကျော်နှင့် ဝန်ထမ်းများ၊ တမူးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းထိုက်အောင်နှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိသင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရတနာ