ပုလော ဩဂုတ်လ ၃၀
ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ တိုးပွားစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်တိုးတက်လာစေရန်၊ စာဖတ်ရှိန်မြှင့်မားလာစေရန်နှင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀)နာရီက ပုလောမြို့နယ် Community Centre ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးမော်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ ဒုတိယ မြို့နယ်ပညာရေးမှူး ဦးအောင်ဇော်မိုးက ဗလငါးတန်ဖွံ့ဖြိုးသော ကျောင်းသား၊ ကျောင်းသူများဖြစ်လာစေရန် လူတော်လူကောင်း ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပုလောမြို့နယ် ကြက်ခြေနီတာဝန်ခံ ဦးထွန်းမြင့်က ရှေ့ဦးသူနာပြုစုခြင်း၏ ကောင်းကျိုးများကို အသိပညာပေး ဟောပြောခဲ့ကြောင်းသိရသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားရှိသည့် လူငယ်ရေးရာ အသိပညာပေးနံရံကပ်စာစောင်များ၊ သုတ/ရသစာအုပ် စာစောင်များကို ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
အေးအေးမော်(ပုလော)