နတ်မောက်၊ ဩဂုတ် ၃၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ရေငံကျေးရွာအုပ်စု၊ ပ/ကျားထူးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေအား ယနေ့ နံနက် ၈:၀၀ နာရီ အချိန်က မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးစိုးလင်းထွဋ်နှင့် ကျေးရွာတာဝန်ခံဝန်ထမ်းများသည် ပ/ကျားထူးကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်း၊ အသက်မွေးဝမ်း ကျောင်းလုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်းနှင့် ငွေစာရင်း ဖြည့်သွင်းထားရှိမှု ရှိ၊မရှိ စာရင်းဇယားထိန်းသိမ်းမှု ရှိ၊မရှိကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
နတ်မောက်မြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခုအခါ နတ်မောက်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ပ/ကျားထူးကျေးရွာရှိ အိမ်ထောင်စု (၂၁၅)စုအတွက် ငွေကျပ် ၆၉.၂၅ သန်း ထုတ်ချေးပေး ထားကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးလင်းထွဋ်ထံမှသိရသည်။
မူမူစန်း