သံတောင်ကြီး ဩဂုတ် ၃၀
ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းမှုအဖြစ် ဉယျာဉ်ခြံလုပ်ငန်းများဖြစ်သည့်ကွမ်းသီး၊ တညှင်း၊ ဒူးရင်း၊ ကော်ဖီ၊ မင်းကွတ် စသည်တို့ကို စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ အသက်မွေးဝမ်းမှုအဖြင့်ဖာလာစိုက်ပျိုးခြင်းလုပ်ငန်းကို အဓိကစိုက်ပျိုးလုပ်ကိုင်ကြပြီး ယခုဩဂုတ်လနောက်ဆုံးပတ်မှစတင်ကာ ဖာလာသီးများစတင်ခူးယူပြီဖြစ် ကြောင်းသိရသည်။
သံတောင်ကြီးဒေသခံပြည်သူအများစုမှာ နှစ်ရှည်ပင်သီးနှံဖြစ်သည့် ဖာလာစိုက်ပျိုးခြင်းလုပ်ငန်းကို အဓိကလုပ်ကိုင်ပြီး ဖာလာပင်များအောင်မြင်ဖြစ်ထွန်းပြီးအသီးထွက်နှုန်း ကောင်းစေရန် မျိုးကောင်းမျိုးသန့်များဖြစ်သော (သန့်မော်နှင့်ကမိုဒေါ) စသည့်ဖာလာမျိုးပင်များကို စိုက်ပျိုးကြ သည်။
အဆိုပါ ဖာလာမျိုးပင်များကို မိုးတွင်းအချိန် ဇွန်လတွင်စိုက်ပျိုးပြီး (၃) နှစ်ခန့်တွင် အသီးများစတင် သီးကာ ဩဂုတ်လနောက်ဆုံးပတ်မှ အောက်တိုဘာလ အထိဆွတ်ခူးကြသည်။ ဖာလာသီးခြောက်များကို တောင်ငူမြို့ရှိ ဖာလာအဝယ်ဒိုင်များတွင် သွားရောက်ရောင်းချကြပြီး ထိုမှတစ်ဆင့် တရုတ်နိုင်ငံသို့တင် ပို့ရောင်းချကြသည်။ ယခုနှစ်တွင်ဖာလာသီးအခြောက် ပေါက်ဈေးတစ်ပိဿာကို ကျပ်(၁၃၀၀၀) ဖြင့် ဝယ်ယူကြကြောင်း ဖာလာရောင်းဝယ်ခြင်းလုပ်ငန်းလုပ်ကိုင် ဆောင်ရွက်သူ ဒေါ်နော်မိုခင်းထံကသိရသည်။
နော်နော်မူ