ကျွန်းလှ ဩဂုတ် ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးစပါး ပျိုးသက်နုကောက်ကွက်ကြဲ (SRI) စိုက်ခင်းအတွင်း သမန်းနှိုး ပေါင်းထိုးခြင်းနှင့် သဘာဝမြေဩဇာထည့်သွင်းကို ယမန်နေ့နံနက် ၇ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“ဒီနှစ် ကျွန်းလှမြို့နယ်မှာ မိုးစပါးစိုက်ပျိုးဖို့ ၃၄၀၉၃ ဧကလျာထားပါတယ်။ ဇွန်လမှစတင် စိုက်ပျိုးခဲ့ရာ လက်ရှိအချိန်အထိ ၂၉၅၈၁ ဧက စိုက်ပျိုးပြီးဖြစ်ပါတယ်။ ပျိုးသက်နုကောက် ကွက်ကြဲ (SRI) နည်းစနစ်ဖြင့် (၅) စိုက်ပျိုးခဲ့ရာ သမန်းနှိုး ပေါင်းထိုးခြင်း၊ သဘာဝမြေဩဇာ ထည့်သွင်းခြင်းကို အကျိုးဆောင်တောင်သူတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ခြင်းဖြစ်ပါတယ်” ဟု ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောပြသည်။
အဆိုပါ မိုးစပါးစိုက်တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မျိုးကောင်း မျိုးသန့်များ ရရှိရေး ဆောင်ရွက်ပေးခြင်း၊ ပျိုးထောင်နည်းနှင့် စိုက်နည်းစနစ် ပညာပေးခြင်း၊ ကွင်းသရုပ် ပြပွဲများပြုလုပ်ခြင်း၊ သင်တန်းများဖွင့်လှစ်ခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ လက်ရှိအချိန်ထိ စပါး၊ ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံ၊ စားဖိုဆောင်သီးနှံ၊ နှစ်ရှည်ပင်နှင့် အခြားသီးနှံမျိုးစုံ ၇၂၅၈၇ ဧက စိုက်ပျိုးပြီး ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို ကျွန်းလှ