မော်လိုက် ဩဂုတ် ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၉)နာရီ အချိန်က အခြေခံပညာအထက်တန်းကျောင်း စုံညီခန်းမ၌ကျင်းပသည်။
ရှေးဦးစွာ အထကကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းအိခိုင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇေယျာဝင်းက လူငယ်စကားဝိုင်း ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ Grade-11/10 တို့မှ ကျောင်းသား/ကျောင်းသူလေးများက “လူငယ်နှင့် မူးယစ်ဆေး” ၊ “လူငယ်နှင့်စာရိတ္တ” ၊ “လူငယ်နှင့်အားကစား”၊ “လူငယ်နှင့် သဘာဝပတ်ဝန်းကျင်” ၊ “လူငယ်နှင့် ယဉ်ကျေးမူ”၊ “လူငယ်နှင့်စာပေ” ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းကြရာဦးဆောင် ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့သည်။ ထို့နောက်ဌာနဆိုင်ရာများမှ သက်ဆိုင်ရာကဏ္ဍ အသီးသီးအလိုက် ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ခရိုင်အားကစားမှူးနှင့် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့တို့မှ သုတ/ရသစာအုပ်များနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)