ဟုမ္မလင်း ဩဂုတ် ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဩဂုတ် (၂၉) ရက်နေ့၊ နေလည် (၁)နာရီက ဟုမ္မလင်းမြို့နယ်၊ ကက်သာကျေးရွာ အ.ထ.က (၁) ကျောင်း သရဖီခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် ကက်သာ၊ အ.ထ.က(၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်အိခိုင်ဇင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိဦးဧဆက်က လူငယ်များဗလငါးတန်ဖွံ့ဖြိုးပြီး မှားမှန်ကျိုးကြောင်းခွဲခြားနိုင်သော ပညာရှိခြင်းနှင့် ကိုယ်ကျင့်တရားကောင်းမွန်စေရန် လူငယ်နှင့်တန်ဖိုးခေါင်းစဉ်တို့ဖြင့် ဟောပြောခဲ့သည်။
ဆက်လက်၍ ဟုမ္မလင်းမြို့နယ်မူးယစ်တပ်ဖွဲ့စု ဒု-ရဲမှူး မြင့်အောင်က ကျောင်းသားကျောင်းသူများအား မူးယစ်ဆေးဝါး၏ အန္တရာယ်ကြီးမားပုံ၊ မူးယစ်ဆေးဝါးအုပ်စု ၅ မျိုး၏ဆင့်ကဲဖြစ်ပေါ်လာပုံ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ပြဌာန်းထားသည့် ပြစ်မှုပြစ်ဒဏ်များအကြောင်းနှင့်ပတ်သတ်၍ အသိပညာပေး ဟော ပြောခဲ့ကြကြောင်းသိရသည်။
ထို့နောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မူးယစ်ဦးစီးဌာနတို့မှ အသိပညာပေးမူးယစ်ဆေးဝါးနှင့်ပတ်သတ်သော အသိပညာပေးနံရံစာစောင်များပြသခြင်း၊ စာအုပ်စာစောင်များ ပြသထားရှိမှုအား ကျောင်းသား/သူများက စိတ်ဝင်တစ်စား ကြည့်ရှုခဲ့ကြကြောင်းနှင့် မူးယစ်ဆေးဝါအသိပညာပေး လက်ကမ်းစာစောင် ၂၀၀ စောင်ကို ဖြန့်ဝေပေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဟုမ္မလင်းမြို့နယ်မူးယစ်တပ်ဖွဲ့စု ဒု-ရဲမှူးမြင့်အောင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးဧဆက်၊ အ.ထ.က(၁) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/မများ၊ ကျောင်းသား/သူများ စုစုပေါင်း(၂၅၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဟုမ္မလင်း (ပြန်/ဆက်)