ငဖဲ အောက်တိုဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့်၂၀၂၀-၂၀၂၁ ဘဏ္ဍာ ရေးနှစ် အတွက် ဒေသန္တရစီမံကိန်း ရည်မှန်းချက် လုပ်ငန်းတာဝန် ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲ အချိန်က ငဖဲမြို့နယ်အထွေထွေ အုပ်ချူပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ငဖဲမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမြင့်က အဖွင့်အမှာစကား ပြောကြား ပြီး မြို့နယ်စီမံကိန်းရေးဆွဲ အကောင် အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချူပ်ရေးမှူးဦးဆန်းထွန်းက နိုင်ငံတော်အစိုးရအနေဖြင့်မြို့နယ်အတွင်း စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်စေရေး အတွက်စီမံကိန်းများ ရေးဆွဲ၍ ဖွံ့ဖြိုးရေးလုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်လည်း မြို့နယ်အတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်၍သက်ဆိုင်ရာဌာနများအလိုက် ဆောင်ရွက်ခွင့်ရရှိသော ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ငန်းအရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလ အတွင်း အချိန်မီပြီးစီးရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းနှင့် ဒုမြို့နယ်အုပ်ချူပ်ရေးမှူး ဦးဇော်မိုးလွင် ကဒေသန္တရ စီမံကိန်းရည်မှန်းချက်လုပ်ငန်း တာဝန်များကိုဆောင်ရွက်ရာတွင်ဌာနဆိုရာများနှင့် ပူးပေါင်း၍ ရပ်/ကျေးအုပ်စု အုပ်ချူပ်ရေးမှူးများကဝိုင်းဝန်း ပူးပေါင်းဖြည့်ဆည်းကူညီဆောင်ရွက်ပေးကြရန် ဆွေးနွေး ပြောကြားသည်။
ထို့နောက် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီအတွင်းရေးမှူးဦးစိုးနိုင်က ငဖဲမြို့နယ် အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုနှင့်တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ဆောင်ရွက်မည့် ဒေသန္တရစီမံကိန်းရည်မှန်းချက် လုပ်ငန်းတာဝန်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်လုပ်ငန်း တာဝန်များကို သက်ဆိုင်ရာဌာနများအလိုက် လွှဲပြောင်း ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။
ငဖဲမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အကောင်အထည်ဖော်ဆောင်ရွက်ခွင့်ရရှိသည့် ဒေသန္တရစီမံကိန်းရည်မှန်းချက် လုပ်ငန်းတာဝန်များ အနေဖြင့် ပြည်ထောင်စုဘတ်ဂျက်( ၂၁၂၈. ၉၉၈)သန်း နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဘတ်ဂျက်ငွေကျပ် ( ၂၉၆၇. ၈၆၈) သန်း စုစုပေါင်းငွေကျပ် ( ၅၀၉၆. ၈၆၆) သန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)