ကော့သောင်းမြို့တွင် U12/U15 (ဖူဆယ်) ဘောလုံးအားကစား ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲ ပြုလုပ်

ကော့သောင်း ဩဂုတ် ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် အားကစားနှင့်ကာယပညာရေးဦးစီးဌာနမှ ကျင်းပသော မြို့နယ်ပညာရေးမှူးဖလား၊ အခြေခံပညာကျောင်းပေါင်းစုံအမျိုးသား U12/U15 (ဖူဆယ်) ဘောလုံးအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို ဩဂုတ်လ ၂၈ ရက်နေ့ နေ့လည်ပိုင်းက ပိတောက်ရွှေဝါရပ်ကွက်၊ နဝရတ်အားကစားခန်းမတွင် ပြုလုပ်ခဲ့ရာ တာဝန်ရှိသူများနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ လာရောက်အားပေးခဲ့သည်။

အဆိုပါ အ‌ခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားU12/U15(ဖူဆယ်) ဘောလုံးအားကစား ပြိုင်ပွဲကို ဩဂုတ်(၁၈)ရက်နေ့မှ စတင်ကျင်းပခဲ့ရာ အခြေခံပညာ ကျောင်း (၁၂)ကျောင်းမှ အသင်းလိုက် အုပ်စုပွဲစဉ်များ အသီးသီး ယှဉ်ပြိုင်ကစားခဲ့ကြပြီး U12 ပွဲစဉ်တွင် ရွှေဇင်ယော်ကျောင်းအသင်းနှင့် အ.ထ.က(ခွဲ) အ.လ.က (၂)ကျောင်းအသင်းတို့က လည်းကောင်း U15 ပွဲစဥ်တွင် မေတ္တာစိုးကိုယ်ပိုင်နှင့် အ.လ.က (၃) ကျောင်းအသင်းတို့ကလည်း ကောင်းဗိုလ်လုပွဲသို့ တက်ရောက် ခဲ့ကြသည်။

အဆိုပါ ဗိုလ်လုပွဲကို ပြိုင်ပွဲဝင်အသင်းများက အကြိတ်အနယ် ယှဉ်ပြိုင်နေမှုများကို ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ ပရိသတ်တို့မှ တခဲနက် အားပေးခဲ့ကြရာ U12ပွဲစဥ်တွင် အ.ထ.က(ခွဲ) အ.လ.က (၂) ကျောင်းမှ အနိုင်ရရှိခဲ့ပြီး U15ပွဲစဥ်တွင်‌ မေတ္တာစိုးကိုယ်ပိုင်‌ကျောင်းအသင်းမှ  အနိုင်ရခဲ့ကြောင်း သိရသည်။

ယင်းနောက် U12/U15 ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ ဌာနဆိုင်ရာမှ တာဝန်ရှိသူများက ပူးတွဲ တတိယဆု၊ တတိယဆု၊ ဒုတိယဆု၊ ဂိုးသွင်း အကောင်းဆုံးဆု၊‌ ကောင်းဆုံးဂိုးသမားဆုတို့အား လည်ဆွဲဆုနှင့် ငွေသားဆုများ ချီးမြှင့်ခဲ့ကြပြီး ပထမဆုရရှိသော U12ပွဲစဥ်မှ အ.ထ.က (ခွဲ) အ.လ.က (၂) ကျောင်းအသင်းနှင့် U15ပွဲစဉ်မှ ပထမဆု ရရှိသော မေတ္တာစိုးကိုယ်ပိုင်ကျောင်းအသင်းတို့အား လည်ဆွဲဆု၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုများ ချီးမြှင့်ခဲ့ကြ‌ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)