မြောင်းမြ ဩဂုတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကျောင်းသားကျောင်းသူလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး စာပေချစ်မြတ်နိုးလာစေရန်၊ စာဖတ်ရှိန်မြင့်မားစေရေးနှင့် ရဲဝံ့ထက်မြက်လာစေရန်ရည်ရွယ်၍ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲတွင် အ.မ.က(လွန်) ဘုရားချောင်း(ရပ်)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ဝင်ရောက်ယှဉ်ပြိုင်ကြပြီး၊ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် မဇူးဇူးမွန်က ပထမဆု၊ မအိမ့်သူသူဇော်က ဒုတိယဆု၊ မအိချောပိုက တတိယဆုနှင့် ပုံပြင်ပြောပြိုင်ပွဲတွင် မောင်ထွဋ်ခေါင်က ပထမဆု၊ မောင်မင်းအောင်ခန့်က ဒုတိယဆု၊ မောင်နေဘုန်းမြတ်က တတိယဆုတို့ရရှိပြီးဆုများအား ခရိုင်ပြန်/ဆက် ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ် စန္ဒာထွန်းနှင့် ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်၊ အ.မ.က (လွန်) ဘုရားချောင်း (ရပ်) ကျောင်းမှ ဆရာမတို့က ဆုများကို အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျောင်းသား/သူ လူငယ်များ စာဖတ်ရှိန်မြင့်မားလာစေပြီး စာပေဗဟုသုတများ တိုးပွားလာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးတိုးတက်ပြီး သွက်လက်ထက်မြက်လာစေရန် ဟောပြောပွဲ၊ ပြိုင်ပွဲ၊ ပြပွဲ၊ စာဖတ်ဝိုင်းများ၊ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဇေယျာ(မြောင်းမြ )