အမဲလိုက်လုပ်ငန်းလျှော့ချရေး မွေးမြူရေးလုပ်ကိုင်ရန် မုဆိုးများအား ထောက်ပံ့ငွေပေးအပ်

ပြည်ကြီးမဏ္ဍိုင် အောက်တိုဘာ ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ အပြည်ပြည်ဆိုင်ရာ တောရိုင်း တိရိစ္ဆာန်နှင့်  သဘာဝအပင်များ ထိန်းသိမ်းရေး အဖွဲ့  ( FFI )မှ   အမဲလိုက်မုဆိုးများအား  ထောက်ပံ့ ငွေပေးအပ်ပွဲကို ယနေ့ နံနက် (၁၀)နာရီအချိန်က ပြည်ကြီးမဏ္ဍိုင်ရပ်ကွက် အုပ်ချုပ်ရေး မှူးရုံးတွင် ပြုလုပ်ခဲ့သည်။

ထိုသို့ ပေးအပ်ရာတွင် ပြည်ကြီးမဏ္ဍိုင်မြို့ အခြေစိုက် အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရိစ္ဆာန်နှင့် သဘာဝအပင်များထိန်းသိမ်းရေးအဖွဲ့( FFI )အဖွဲ့က ဒေသအတွင်း အမဲလိုက်၍ အသက်မွေး ဝမ်းကြောင်း ပြုနေသော ဒေသခံမုဆိုးများ အမဲလိုက်ခြင်းလုပ်ငန်းအား စွန့်လွှတ်၍ မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်ပြီး အသက်မွေးဝမ်းကြောင်းပြုလုပ်ရန် ရည်ရွယ်၍ ဒေသခံမုဆိုး (၈)ဦး အတွက် ထောက်ပံ့ငွေ (၁၁၂၀၀၀၀) ကျပ်ကို အသက်မွေးဝမ်းကြောင်း  အထောက်အပံ့ဆိုင်ရာ  အရာရှိ  ဒေါ်အိမြတ်သူက  ‌ပေးအပ်ရာ မုဆိုးများ ကိုယ်စား ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညီညီထွန်းမှ လက်ခံရယူသည်။ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားသို့ ပြည်ကြီးမဏ္ဍိုင်မြို့ သစ်တောဦးစီးဌာနမှ တောအုပ်၊ ဘိနယ်တာဝန်ခံနှင့် ဒေသခံမုဆိုးများ တက်ရောက်ခဲ့ ကြောင်း  သိရသည်။

မျိုးလွင်(ပြန်/ဆက်)