ဘားအံ ဩဂုတ် ၂၉
ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ဩဂုတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းက ကော့ကရိတ်မြို့နယ် အတွင်း သဘာဝဘေးကြောင့် မိုးစပါးသီးနှံပျက်စီးဆုံးရှုံးသွားသော တောင်သူများအား အမြန်ဆုံးပြန်လည်စိုက်ပျိုးကြရန် တိုက်တွန်းပြောကြားပြီး မျိုးစပါးနှင့် မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံ-အိန္ဒု-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးပေါ်ရှိ ကော့ကရိတ်မြို့နယ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသောဝန်ထမ်းများနှင့် ရှင်းလင်းဆောင်၌ တွေ့ဆုံ၍ ကုန်စည်စီးဆင်းမှုနှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ မှန်ကန်မြန်ဆန်စွာစီးဆင်းနိုင်ရေး ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်ကြရန်၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အမျိုးသားအဆင့်မဟာဗျူဟာနှင့်နည်းဗျူဟာအပေါ် လိုက်နာဆောင်ရွက်ကြရန်၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များအထူးလေးထားလိုက်နာဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး ဌာနဆိုင်ရာဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ကော့ကရိတ်မြို့နယ်အတွင်း သဘာဝဘေးကြောင့် မိုးစပါးသီးနှံပျက်စီးဆုံးရှုံးသွားသော တောင်သူများအား မျိုးစပါးနှင့် မြေဩဇာထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ကော့ကရိတ်မြို့၊ ဒေါနခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်အတွင်း စိုက်ပျိုးပြီးမိုးစပါးများ ၁၀ ရက်မှ ၁၅ ရက်ခန့်ထိ ရေကြီးနစ်မြုပ်ခဲ့ပြီး ပြန်ပေါ်လာသည့် အခါ ဧက ၁၂၀၀၀ ခန့်ပျက်စီးခဲ့ကာ ကော့ကရိတ်မြို့နယ်အနေဖြင့် ဧက သုံးထောင်ခြောက်ရာကျော် ပျက်စီးခဲ့သည့် အတွက်အချိန်မီ ပြန်လည်စိုက်ပျိုးကြရန်လိုကြောင်း၊ တိုင်းပြည်သာယာ ဝပြောရေး၊ စားရေရိက္ခာဖူလုံရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် အဓိကသီးနှံများဖြစ်သော စပါး၊ ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုတ်တို့ကို တိုးချဲ့စိုက်ပျိုးပြီး တစ်ဧက အထွက်နှုန်းတိုးတက်ရရှိအောင် ဆောင်ရွက်ကြစေလိုကြောင်း၊ ခွင့်ပြုချက်မရှိဘဲ လယ်ယာမြေကို အခြားနည်းသုံးစွဲခြင်း မပြုရန်နှင့် မြေလွတ်မြေလပ်မကျန် သီးထပ်သီးညှပ်များဖြင့် နှစ်သီးမှသုံးသီးအထိ တိုးချဲ့စိုက်ပျိုးနိုင်မှသာ ပြည်နယ်၏ သီးထပ်စွမ်းအားတိုးမြင့်လာမည်ဖြစ်ကြောင်း၊ဒေသခံတောင်သူများအနေဖြင့် သီးနှံအထွက်တိုးရေး၊ စားရေရိက္ခာ ဖူလုံပိုလျှံရေးနှင့် လယ်ယာကဏ္ဍတိုးတက်မြင့်မားရေးအတွက် အားသွန်ခွန်စိုက်ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကော့ကရိတ်မြို့နယ်အတွင်း သဘာဝဘေးကြောင့် မိုးစပါးသီးနှံ ပျက်စီးဆုံးရှုံးသွားသော တောင်သူများအား ဆင်းသုခမျိုးစပါး ၄၀၀ တင်းနှင့် ယူရီးယားဓါတ်မြေဩဇာ ၄၀၀ အိတ်တို့ကို ထောက်ပံ့ပေးအပ်ရာ တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူများအားရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့ကရိတ်ခရိုင် ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများအား တစ်ဦးချင်းရင်းရင်းနှီးနှီးတွေ့ဆုံ အားပေး စကားများ ပြောကြား၍ အာဟာရဖြည့်စွက်အစားအစာများထောက်ပံ့ပေးအပ်ကာ အဆိုပါဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီးနှင့်ကျန်းမာရေးဝန်ထမ်းများအား အထွေထွေ အသုံးစရိတ်ငွေကျပ်(၃)သိန်းနှင့် စားသောက်ကုန် ပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့ကရိတ်မြို့၊ ဗိုလ်ချုပ်လမ်းဘေးဝဲယာတစ်ဖက် တစ်ချက်စီတွင် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် (၂ပေ x ၂ပေခွဲ)အုတ်စီရေမြောင်းနှင့်ပလက်ဖောင်း အလျားပေ ၁၀၀၀ စီ ဆောင်ရွက်မှုလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့ကရိတ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် တွဲဘက်ဖွင့်လှစ်ထားသော စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး အထက်တန်းကျောင်းတွင် တက်ရောက် ပညာသင်ကြားနေသော ကျောင်းသား၊ကျောင်းသူ ၆၇ ဦးအား သွား ရောက်တွေ့ဆုံ၍ စက်မှု၊ စိုက်ပျိုးရေး နှင့်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် အလယ်အလတ်အဆင့် ကျွမ်းကျင်ပညာရှင် များစွာလိုအပ် ကြောင်း၊ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍတွင် အားကိုးအားထားပြုရမည့် ပညာရှင်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း အားပေးစကားများပြောကြားပြီး ကျောင်းအုပ်ဆရာမကြီးထံ အထွေထွေအသုံးစရိတ်ငွေကျပ်(၅)သိန်းနှင့် စားသောက်ကုန် ပစ္စည်းများထောက်ပံ့ပေးအပ်ကာ အဆိုပါကျောင်း၌ စာသင်ခန်း၊ ပရိဘောဂ၊ သင်ထောက်ကူပစ္စည်းများ ပြည့်စုံလုံလောက်မှုရှိ/မရှိ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ကော့ကရိတ်မြို့နယ်ရုံးမှ ကျောင်းသူ၊ကျောင်းသားများနှင့် ရပ်ကွက်နေပြည်သူများအား ကိုယ်ရေးအချက်အလက်(Biographic) နှင့် ဇီဝအချက်အလက် (Biometric) ကောက်ယူနေမှုတို့ကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့ကရိတ်မြို့၊လှိုင်ဝတံတား အရှည်(၃၀၀)ပေ၊ လေးလမ်းသွား သံကူကွန်ကရစ်တံတား တည်ဆောက်ရေးလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ညို၊ တံတားအထူးအဖွဲ့(၁၄)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝေဖြိုးတို့က တံတားတစ်စင်းလုံး၏ တံတားလုပ်ငန်း ၈၃ ရာခိုင်နှုန်းခန့်တည်ဆောက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ပြည်နယ်ဝန်ကြီးချုပ်က ကော့ကရိတ်ခရိုင်တွင် လုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိသော နယ်မြေခံတပ်မတော်တပ်ရင်းတပ်ဖွဲ့များအတွက် ငွေကျပ်(၁၀) သိန်းနှင့်ခေါက်ဆွဲခြောက်များ၊ ရဲတပ်ဖွဲ့ဝင်များအား ငွေကျပ်(၅)သိန်းနှင့်ခေါက်ဆွဲခြောက်များ၊ နယ်ခြားစောင့်တပ်(BGF) အတွက် ငွေကျပ်(၅)သိန်းနှင့် ခေါက်ဆွဲခြောက်များ၊ KNU/KNLA(PC)အတွက် ငွေကျပ်(၅)သိန်းနှင့်ခေါက်ဆွဲခြောက်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)