တောင်ငူမြို့၌ ခေတ်မီစံပြကျေးရွာ(SMART Village)ထူထောင်ရေးစီမံကိန်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ငူ  သြဂုတ် ၂၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နတ်သျှင်နောင်အစည်းအဝေးခန်းမ၌ ခေတ်မီစံပြကျေးရွာ(Smart Village) ထူထောင်ရေးစီမံကိန်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

ရှေးဦးစွာ တောင်ငူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ငုဝါထွေးက ခေတ်မီစံပြကျေးရွာ(Smart Village)ထူထောင်ရေးစီမံကိန်း၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်၊ ဆောင်ရွက်သည့်နည်းလမ်းများ၊ စီမံကိန်းဧရိယာ၊ စီမံကိန်းကာလ၊ အဓိကလုပ်ငန်းစဥ်များ၊ စီမံကိန်း၏ သဘောတရား၊ ကျေးရွာအခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများ၊ Digital နည်းပညာဖြင့် Information Technology Center ဆောင်ရွက်ခြင်း၊ သွင်းအားစုနှင့် ငွေကြေးဝန်ဆောင်မှုထောက်ပံ့ကူညီခြင်းလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးနှင့် ကျေးရွာစီးပွားရေးမြင့်မားစေရေးလုပ်ငန်းများ၊ အသင်းအဖွဲ့များ ခိုင်မာအားကောင်းစေခြင်းနှင့် နည်းပညာဖြန့်ဖြူးခြင်းလုပ်ငန်းများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများ၊ ကျေးရွာအဆင့် ဆင်းရဲမှုအခြေအနေ စစ်တမ်းကောက်ယူခြင်း၊ အိမ်ထောင်စုအဆင့် ဆင်းရဲမှုအခြေအနေ စစ်တမ်းကောက်ယူခြင်းလုပ်ငန်းများစသည်တို့ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးကြသည်။

အဆိုပါ ခေတ်မီစံပြကျေးရွာ(Smart Village)ထူထောင်ရေးစီမံကိန်းသည် မြို့ပြနှင့်ကျေးလက်ဖွံ့ဖြိုးမှု ကွာဟချက်များကျဥ်းမြောင်းစေရန်မျှော်မှန်း၍ လူနေမှုအဆင့်အတန်းမြင့်မားပြီး စီးပွားရေးခိုင်မာအားကောင်းကာ အစိမ်းရောင်ဖွံ့ဖြိုးမှုဖြစ်စဥ်ကို အားပေးသည့် ခေတ်မီစံပြကျေးရွာ(Smart Village)များ ထူထောင်နိုင်ရန်  ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် တောင်ငူမြို့နယ်၊ ခပေါင်းတိန်ကျေးရွာအား ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း(Smart Village)စီမံကိန်းကာလ (၅)နှစ်အတွင်း ဆောင်ရွက်ရန်လျာထားပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇော်ကိုကို (ပြန်/ဆက်)