ဘုတလင် အောက်တိုဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင် စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာလ ၁၅ ရက်၊ နံနက် ၁၀ နာရီခွဲအချိန်က ပြည်သူ့ဝန်ဆောင်မှုရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးကျော်မိုးလွင်က ဆန္ဒမဲပေးသူများ တစ်ဦးနှင့် တစ်ဦး ၆ ပေအကွာ တန်းစီနိုင်ရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း၊ ကိုယ်အပူချိန် တိုင်းတာနိုင် ရေးအတွက် ပညာရေးဝန်ထမ်းနှင့် နှာခေါင်းစည်း တပ်ဆင်ခြင်း၊ လက်ဆေးခြင်းလုပ်ငန်းများအတွက် ကျန်းမာရေးဝန်ထမ်းတစ်ဦးစီ တာဝန်ပေးအပ်ထားပြီး နှစ်နာရီ တစ်ဆိုင်း ဆောင်ရွက်နိုင်ရန် Volunteer တစ်ဦးစီ ကြိုတင်စီမံထားရှိရေး၊ မဲရုံများတွင် လျှပ်စစ်မီးနှင့် အရံမီးစက်များ ကြိုတင်ပြင်ဆင်ထားရှိရေး၊ Quarantine များ ထားရှိသည့် စာသင်ကျောင်းများတွင် စနစ်တကျ ဆေးဖျန်းပြီး မဲရုံများကို သတ်မှတ်ရက် အပြီး ဆောင်ရွက်ထားရှိရေး ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးဇော်ဝင်းနှင့် မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ဟေသီဆုတို့က ဒုတိယအကြိမ် ထုတ်ပြန်ကြေညာခဲ့သည့် မဲဆန္ဒရှင်စာရင်းများ ပြင်ဆင်နေမှု၊ ကြိုတင်မဲ များအတွက် ဆောင်ရွက်ထားရှိမှု၊ ဆန္ဒမဲလက်မှတ်များ ရောက်ရှိမှုနှင့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား သင်တန်းပေးရန် စီစဉ်ဆောင်ရွက်ထားမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက လုပ်ငန်းများအလိုက် ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဖိုးခါး(ပြန်/ဆက်)