ကျုံပျော်မြို့တွင် ပြည်သူများထံသို့ စားသုံးဆီများ ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချ

ကျုံပျော် ဩဂုတ် ၂၉

ပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် စားသုံးဆီများ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ တေဇရပ်ကွက်တွင် ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ရောင်းချရာတွင်  မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ကျုံပျော်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းက  မြို့နယ်စားသုံးသူ‌ရေးရာ ဦးစီးဌာနနှင့် ပူးပေါင်းကာကာ တေဇရပ်ကွက်အတွင်းမှ အိမ်ထောင်စု (၃၀၀)စုထံသို့  တစ်အိမ်ထောင်လျှင် စားသုံးဆီတစ်ပိဿာ (၄၆၀၀) ကျပ်နှုန်းဖြင့်၊ ဆီ(၃၀၀)ပိဿာအား ဈေးနှုန်းချိုသာစွာ ရောင်းချခဲ့ပြီး လာရောက်ဝယ်ယူသည့် ရပ်ကွက်နေ ပြည်သူ များ ဝမ်းမြောက်ကြကြောင်း သိရသည်။

ထို့အပြင် ဌာနဆိုင်ရာ ဝန်ထမ်းများ စားသုံးမှုအဆင်ပြေရန်အတွက် ဌာနဆိုင်ရာ ရုံးများသို့ လိုက်လံ၍ ဝန်ထမ်းတစ်ဦးလျှင် စားသုံးဆီ တစ်ပိဿာနှုန်း ဖြန့်ဖြူးရောင်းချပေးခြင်း၊ ရပ်ကွက်နေပြည်သူများ အဆင်ပြေစေရန်အတွက်လည်း အခြေခံစားကုန်များဖြစ်သော အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များ ဈေးနှုန်းချိုသာစွာ ရောင်းချခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန နှင့် လုပ်ငန်းရှင်များ ပူးပေါင်း၍  ရောင်းချပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)