ကန်ကြီးထောင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်ဒေသခံပြည်သူများ စစ်ကြောင်း ၅ ကြောင်းဖြင့် ကွင်းဆင်းတွေ့ဆုံ

ကန်ကြီးထောင့် ဩဂုတ် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသ ဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ပျဉ်းမငူကျေးရွာ အုပ်စု၊ ဆင်ဂေါင်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းနှင့် ဝက်ထိုးကျေးရွာ အုပ်စု၊ ဝက်ထိုးကျေးရွာ ဓမ္မာရုံတွင် ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင် ကန်ကြီးထောင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး အဖွဲ့ဝင်(၁)ဗိုလ်မှူး ရဲနိုင်လွင်၊ အတွင်း‌ရေးမှူး ရဲမှူးစိုးကြည်နှင့် ဌာနဆိုင်ရာများက ဒေသခံပြည်သူများအား နိုင်ငံတော်‌အေးချမ်းသာယာ‌ရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေး၊ လုံခြုံရေး၊ ပညာရေးဆိုင်ရာ ကိစ္စရပ်များ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးချိတ်မီးကပ်များ တပ်ဆင်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံနိုင်ရေး၊ ရောဂါဖြစ်ပွားမှုလျော့နည်းစေရေးအတွက် ကြိုတင်ကာကွယ်နိုင်ရေး၊ ရပ်ရွာပြည်သူ့ လုံခြုံရေး အဖွဲ့နှင့် ပူးပေါင်း၍ လုံခြုံရေး ကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး၊ ယာဥ်အန္တရာယ်ကင်းရှင်းရေး၊ ဆိုင်ကယ်စီးနင်းပါက ဦးထုပ်ဆောင်း စေရေး၊ မိမိတို့နေအိမ်အလိုက် သန့်ရှင်းရေးများဆောင်ရွက်ရေး၊ Clean City, Green City, Smart City ဖြစ်အောင် ပူးပေါင်းဆောင်ရွက် ကြစေရေးကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကျေးရွာနေပြည်သူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာဌာနများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်စိုး(ပြန်/ဆက်)