ပခုက္ကူ ဩဂုတ် ၂၉
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ သက်ကြီးရွယ်အို အခွင့်အရေးနှင့် လူငယ်ရေးရာဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၁၁) နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ ပခုက္ကူခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သန္တာဦးက “သက်ကြီးရွယ်အိုများအတွက် ကျန်းမာရေးနှင့်လူမှုရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုများ၊ သက်ကြီးရွယ်အိုများ ပုံမှန်၀င်ငွေ ရရှိစေရေးနိုင်ငံတော်၏ ကြိုးပမ်းဆောင်ရွက်မှုများနှင့် စေတနာရှင်များ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုများ၊ အိမ်/ရပ်ရွာ အခြေပြု စောင့်ရှောက်မှုများ လုံလောက်စွာ ရရှိရေးနှင့် ဘေးကင်းလုံခြုံစိတ်ချရသော ပတ်၀န်းကျင်ရရှိနိုင်ရေးအကြောင်းများ၊ သက်ကြီးရွယ်အိုများ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ အခွင့်အရေးများအကြောင်း” ရှင်းလင်းဟောပြောပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်က “ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းသင်ခန်းစာများအပြင် စိတ်ခွန်အားဖြစ်စေမည့် သုတ၊ ရသဆိုင်ရာစာအုပ် စာပေဗဟုသုတများ ဖတ်ရှုလေ့လာခြင်းဖြင့် ဗလငါးတန်ဖွံ့ဖြိုး တိုးတက်လာရေး၊ မိဘ၊ဆရာများနှင့် ပြောဆိုဆက်ဆံရာတွင် လိုက်နာကျင့်သုံးရမည့် စည်းကမ်းချက်များ စသည့်လူငယ်ရေးရာအကြောင်း” ကို ရှင်းလင်းဟောပြောသည်။
အဆိုပါဟောပြောပွဲတွင် ပခုက္ကူမြို့၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း၊ ကလေးသူငယ်အခွင့်အရေးနှင့် ကလေးသူငယ်ပပျောက်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်ဘုတ်များ ပြသခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)