နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်တွင် ကြိုတင်ဆန္ဒမဲများပေးနိုင်ရေးအတွက် ကြိုတင်မဲပုံးအား လုံခြုံရေး ကြိုးများဖြင့် ချိတ်ပိတ်ခြင်း ဆောင်ရွက်

နန်းယွန်း အောက်တိုဘာ  ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်တွင် ကြိုတင်ဆန္ဒမဲများ ပေးနိုင်ရေးအတွက် ကြိုတင်မဲပုံး (၁) ပုံးအား ယမန်နေ့နံနက် ၁၀ နာရီခန့်က လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ်ကာ မြို့နယ် ရွေးကောက်ပွဲကော်မရှင် ဖွဲ့ခွဲရုံးတွင် ထားရှိပြီး ဖြစ်ကြောင်း ကော်မရှင်ရုံးမှသိရသည်။

အဆိုပါကြိုတင်မဲပုံး(၁)ပုံးနှင့်ပတ်သက်၍ နန်းယွန်းမြို့နယ်အတွင်းရှိ အတူနေအိမ်ထောင်စုဝင်များ ပြည်တွင်း ကြိုတင်မဲလျှောက် ထားသူ (၁၃၂)ဦး ရှိကြောင်းနှင့် ၎င်းကြိုတင်မဲပုံး(၁)ပုံးကို တက်ရောက် လာသော ပါတီ(၅)ခု၏ ရှေ့မှောက်တွင် လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ်ဆောင်ရွက်ခဲ့ကြောင်း နန်းယွန်းမြို့ နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးမှူး ဦးဇော်မင်းသိန်းထံမှသိရသည်။

ဆက်လက်၍ နန်းယွန်းမြို့နယ်အတွင်း မဲဆန္ဒနယ်မြေ(၂) ထားရှိပြီး မဲရုံပေါင်း(၈၂)ရုံ စီစဉ် ထားရှိကြောင်း နှင့် မဲပေးပိုင်ခွင့်ရှိသူ မဲစာရင်းရှင်ဦးရေ ဒုတိယအကြိမ် ထုတ်ပြန်ထားရှိစာရင်းအရ(၃၈၆၉)ဦးရှိကြောင်း ၎င်းက ဆက်လက်ပြောကြားကြောင်း သိရသည်။

ဟန်ကမ်း(ပြန်/ဆက်)