ပန်းတနော် ဩဂုတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည့် နေအိမ်များမှ မိသားစုဝင်များအား ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ပန်းတနော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူးဦးဟန်လင်းထွဋ်နှင့် တာဝန်ရှိသူများမှ ဧရာဝတီမြစ်ရေမြှင့်တက်လာပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွေ့ခဲ့ရသည့် မြစ်ဝကျေးရွာအုပ်စု၊ သံပုရာချောင်းကျေးရွာရှိ နေအိမ် (၁၁) လုံး၊ အိမ်ထောင်စု (၁၁) စုမှ လူဦးရေ (၄၀) ဦး အတွက် အိမ်ဆောက်ပစ္စည်းဖိုး အိမ် ၁ လုံးလျှင် (၁) သိန်းနှုန်းဖြင့် နေအိမ် ၁၁ လုံးအတွက် (၁၁) သိန်း၊ ဆန်ရိက္ခာ လူတစ်ဦးလျှင် (၂၁၀၀) ကျပ်နှုန်းဖြင့် အိမ်ထောင်စု ၁၁ စုမှ လူဦးရေ (၄၀) ဦးအတွက် (၈၄၀၀၀) ကျပ် စုစုပေါင်းငွေကျပ် (၁၁၈၄၀၀၀)တို့အား တာဝန်ရှိသူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော် (ပြန်/ ဆက်)