ကန့်ဘလူ၌ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ရောစပ်ကြဲပက်ခြင်း၊ ကြားလိုက်သမန်းနှိုး ကွင်းသရုပ်ပြပွဲကျင်းပ

ကန့်ဘလူ ဩဂုတ် ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ အမှတ်(၃)ရပ်ကွက်ရှိ တောင်သူ ဦးသောင်းငွေ၏ မိုးစပါး ဆင်းသုခ(၂)ဧကစိုက်ခင်း အတွင်း ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ရောစပ်ကြဲပက်ခြင်း၊ ကြားလိုက်သမန်းနှိုး  ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ဆန်းလင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဖိတ်ကြားထားသူများနှင့် တောင်သူ ၂၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းသရုပ်ပြပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးမျိုးဇော်က တောင်သူများအနေဖြင့် ဓာတ်မြေဩဇာ လေလွင့်ဆုံးရှုံးမှု မရှိစေရန်၊ သဘာဝမြေဩဇာကို တောင်သူများအကျိုး ရှိစွာ အသုံးပြုလာနိုင်စေရန်၊ ဓာတ်မြေဩဇာနှင့်သဘာဝမြေဩဇာကို ရောစပ်အသုံး ပြုခြင်း အကျိုးကျေးဇူးများကို သိရှိနိုင်စေရန်နှင့် တောင်သူများတွင်ကျယ်စွာ အသုံးပြုလာနိုင်စေရန်၊ ကြားလိုက်သမန်းနှိုး ပြုလုပ်ရခြင်းမှာ ပေါင်းမြက်များကင်းစင်ပြီး ပင်ပွားအားကောင်းလာနိုင်စေရန်၊ လေဝင်လေထွက်ကောင်းမွန်စေရန်၊ အမြစ်ဖွံ့ဖြိုးမှုပိုမို အားကောင်းလာခြင်း၊ ပေါင်းသတ်ဆေး အသုံးပြုခြင်းနှင့် လက်ပေါင်းလိုက်သက်သာခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော တောင်သူများ၏ သိရှိလိုသည့် အချက်များကို ပြန်လည်ဖြေကြားပေးသည်။

ထို့နောက် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ရောစပ်ကြဲပက်ခြင်း၊ ကြားလိုက်သမန်းနှိုး ပြုလုပ်ခြင်းကို လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။ ကန့်ဘလူမြို့နယ်အနေဖြင့် မိုးစပါး ၁၄၀၅၁၄ ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် ဧက ၈၇၀၀၄ စိုက်ပျိုးပြီးစီး ပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေရာများကိုလည်း လျာထားချက်ပြည့်မီရေး ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)