ထန်းတပင်မြို့နယ်တွင် ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် သီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးအသိပညာပေး လုပ်ငန်းဆောင်ရွက်

ထန်းတပင်(ပဲခူး) သြဂုတ် ၂၉

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေး အသိပညာပေးခြင်းနှင့် ကျောင်းသား/သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းကို ယနေ့ နံနက်ပိုင်းက ဆိပ်ကြီးရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါလုပ်ငန်းဆောင်ရွက်ရာတွင် ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်စီစီစိုးဦးနှင့် အဖွဲ့ဝင်များပူးပေါင်းကာ ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန်အတွက် တစ်ကိုယ်ရေသန့်ရှင်းရေး၊ လက်ဆေးခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေး၊ နည်းစနစ်မှန်သွားတိုက်ခြင်း၊ မိုးတွင်းကာလကလေးငယ်များတွင်ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးနည်းလမ်းများ၊ အတက်ရောဂါများအကြောင်းကို ပြောကြားခဲ့သည်။

ဆက်လက်၍ ကျန်းမာရေးဝန်ထမ်းများက ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံမှု အခြေအနေများ၊ သန်ကျဆေးတိုက်ကျွေးခြင်းနှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအခြေအနေများကို မူလတန်းရှိ ကျောင်းသား/သူများအား ကျန်းမာရေးစစ်ဆေးပေးခဲ့ပြီး (KG) တန်းရှိ ကျောင်းသား၊ ကျောင်းသူများကို ကျန်းမာရေးဦးစီးဌာနမှ သွားတိုက်တံများပေးအပ်ပြီး၊ မြို့နယ်မိခင်၊ ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မုန့်များဝေငှပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)