မုံရွာ ဩဂုတ် ၂၉
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် တန်ဖိုးမြှင့်စားသောက်ကုန် (Bakeryအမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၁၀) နာရီက မုံရွာခရိုင်လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။
ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ခင်စောလင်းက သင်တန်းသားသင်တန်းသူများအနေဖြင့် သင်တန်းမှပို့ချမည့် နည်းပညာအမျိုးမျိုးကို ကြိုးစားသင်ယူဆည်းပူးကြပြီး မိသားစုဝင်ငွေတိုးပွားအောင် ဆောင်ရွက်ကြပါရန် တိုက်တွန်းအမှာစကားပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်မောင်းက သင်းတန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်၊ သင်ကြားပေးမည့်ဘာသာရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက သင်ထောက်ကူပစ္စည်းများအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။
အဆိုပါ သင်တန်းကို ဩဂုတ်လ (၂၉) ရက်မှ စက်တင်ဘာလ (၄) ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး နံကထိုင်၊ လျှာပေါ်ဝဲ၊ နှမ်းကပ်၊ ကြက်ဥထောပတ်၊စတော်ဘယ်ရီပေါင်မုန့်၊ နိုးစမ်းကိတ်၊ ကြက်သားပေါင်မုန့်၊ အုန်းယို၊ ငှက်ပျောကိတ် စသည့် ကွတ်ကီးအမျိုးမျိုး၊ ကိတ်မုန့်အမျိုးမျိုး၊ ပေါင်မုန့်အမျိုးမျိုး၊ တန်ဖိုးမြှင့်စားသောက်ကုန်ပြုလုပ်နည်း(၂၁)မျိုးတို့ကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးလျက်ရှိရာ သင်တန်းသားသင်တန်းသူ (၂၀) ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)