မြဝတီ ဩဂုတ် ၂၉
ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ၁၄ ခုတို့မှ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားသော အသက်(၂)နှစ်အောက်ကလေးများနှင့် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများအား ခရိုင်လူမှု ဝန်ထမ်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်(ဧပြီ၊မေ၊ဇွန်) လများအတွက် ထောက်ပံ့ကြေးပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြဝတီခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးတင့်ကထောက်ပံ့ကြေးပေးအပ်ရခြင်းသည် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးများအား အာဟာရပြည့်ဝပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရန် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းဖြစ်ကြောင်းနှင့် နိုင်ငံတော် ၏ အနာဂတ်အသီးအပွင့် ကလေးငယ်များ အာဟာရစံနှုန်း တိုးတက်ကောင်းမွန်မှသာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားပေးသည်။ ဆက်လက်၍ မြဝတီခရိုင်လူမှု ဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးသီဟနိုင်က ထောက်ပံ့ကြေးပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပေးသည်။
ထို့နောက် မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်က မြို့မကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူး ကြီး နိုင်ဝင်းကရင်ခွင်ဦးကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၊ အဖွဲ့ဝင်(၂)ဦးစိန်သောင်းက အမှတ်(၃၅၇)ခြေမြန်တပ်ရင်း ကိုယ့်အား ကိုယ်ကိုး မူလတန်းကြိုကျောင်း၊ ခရိုင်ရဲတပ်ဖွဲ့မှဒုတိယ ရဲမှူးကြီးအောင်ထက်ဝင်းက အမှတ်(၃၅၅) ခြေမြန်တပ်ရင်း ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသီဟနိုင်က အမှတ်(၂၇၅) ခြေလျင်တပ်ရင်း ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းတို့အား တစ်ကျောင်းလျှင် ငွေကျပ်ကိုးသိန်းခြောက်သိန်းကို ထောက်ပံ့ပေးအပ်သည်။
ဆက်လက်ပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသီဟနိုင်က ပေးအပ်သည့် ထောက်ပံ့ကြေးငွေများအား မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးတင့်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာ ၁၄ ခုတို့မှ အုပ်ချုပ်ရေးမှူးများအား ထောက်ပံ့ငွေများ ပြန်လည်ပေးအပ်သည်။ ယင်းသို့ ထောက်ပံ့ပေးအပ်ရာ၌၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်ပထမ(၃)လပတ် (ဧပြီ၊မေ၊ဇွန်) လများအတွက် ကိုယ်ဝန်ဆောင် မိခင်နှင့် အသက်(၂) နှစ်အောက်ကလေး စုစုပေါင်း ၁၂၀၉ ဦးအတွက် ထောက်ပံ့ငွေကျပ် ငါးရာ့ကိုးသိန်း လေးသောင်း ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)