ကျိုက်လတ် ဩဂုတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်း တရားမဝင်ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာများများ စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမှု ရှိ/မရှိ လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက မြို့နယ်အတွင်းရှိ ပိုးသတ်ဆေးဆိုင်များနှင့် ဓာတ်မြေဩဇာဆိုင်များသို့ သွားရောက်စစ်ဆေးခဲ့သည်။
ထို့သို့ စစ်ဆေးရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်တွင်းအခွန်ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများသည် မြို့နယ်အတွင်းရှိ တရားမဝင်ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများသုံးစွဲခြင်းမပြုဘဲ မြန်မာစာအညွှန်းစာဖြင့် တရားဝင် ဆေးများကိုသာ ရောင်းချဖြန့်ဖြူးသွားရန်၊ ပိုးသတ်ဆေးလိုင်စင် သက်တမ်းကုန်ဆုံးနေသည့်ဆိုင်များကို သက်တမ်းတိုး၍ ဆက်လက်ရောင်းချရန်နှင့် ပိုးသတ်ဆေးရောင်းချသူများ (CPA) သင်တန်းတက်ရောက်ပြီးမှ ပိုးသတ်ဆေးရောင်းချရန်၊ ပိုးသတ်ဆေးစနစ်တကျ ထားသိုရောင်းချရန်၊ တရားမဝင်ဓာတ်မြေဩဇာ ရောင်းချခြင်းမပြုရန်၊ ပစ္စည်းအဝင်အထွက် မှတ်တမ်းရေးသွင်းရန်၊ မျိုးစေ့ရောင်းချသည့် ဆိုင်များအား လိုင်စင်လျှောက်ထားပြီးမှ ရောင်းချရန်တို့အား သတိပေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းရေးသားပေးပို့သူ
ဒေါ်ရီရီမြင့်
ကျိုက်လတ် (ပြန်/ဆက်)