ဖြူး ဩဂုတ် ၂၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ချင်းခင်ကျေးရွာအုပ်စု၊ ဇီးခင်ကျေးရွာတွင် ဘိုးဘွားစဉ်ဆက် ဝါးလက်မှုပညာကို လက်ဆင့်ကမ်း၍ ဝါးနှီးဖြင့် မီးဖိုချောင်သုံးနှင့် အိမ်အသုံးအဆောင်ပစ္စည်းများ တစ်ပိုင်တစ်နိုင်ရက်လုပ်ရောင်းချခဲ့ရာမှ လူကြိုက်များသည့် ရောင်းအားရှိသော်လည်း မိုးကာလဖြစ်သည့်အတွက် ကုန်ကြမ်းဝါးဝယ်ယူရခက်ခဲသောကြောင့် အနည်းငယ်သာရက်လုပ်ရောင်းချနေရကြောင်း သိရသည်။
အဆိုပါ ဇီးခင်ကျေးရွာရှိ ဝါးနှီးဖြင့် မီးဖိုချောင်သုံးနှင့်အိမ်အသုံးအဆောင်ပစ္စည်းများ ရက်လုပ်ရောင်းချခဲ့ရာမှာ ဈေးကွက်ရရှိနေပြီး ယခင်နှစ်ပွင့်လင်းရာသီကာလများ၌ ရက်လုပ်ရောင်းချရသည့် ပစ္စည်းများနှင့် တစ်ဆင့်ပြန်လည်ရောင်းချသူများအား ဖောက်သည်ဈေးနှုန်းများမှာ အုန်းငှက်ပျောထည့်သည့် ကန်တော့ပွဲဗန်းတစ်ချပ်လျှင် ၄၅၀-၅၀၀ ကျပ်နှုန်း၊ အခြားမီးဖိုချောင်သုံး၊ လယ်ယာလုပ်ငန်းသုံးများနှင့် ကလေးကစားစရာ၊ ဧည့်ခန်းအလှထားများဆိုပါက အိုးပုတ်အစုံပုံစံတစ်စုံ(၁၀၀၀)ကျပ်၊ လ္ဘက်ရည်ပန်းကန်လုံးနဲ့ လင်ဗန်းပုံစံ တစ်စုံ(၁၅၀၀)ကျပ် ပုံစံမျိုးစုံအလိုက် ဈေးရကြောင်း၊ ဝင်ငွေအရ တစ်ရက်လျှင် ပုံမှန်ရရှိငွေ(၂၀၀၀၀)ကျပ်ခန့်ဝင်ပြီး အနည်းဆုံးတော့ (၈၀၀၀)ကျပ်ခန့် ဝင်ငွေရှိကြောင်း သိရသည်။
“ကျွန်မတို့ကတော့ ဒီလုပ်ငန်းလေးကိုပဲ ဇောက်ချပြီး လုပ်တာပါပဲ။ ဝါးနဲ့ပတ်သက်လို့ကတော့ အကုန်ရက်လို့ရပါတယ်။ ဝါးကောင်းဖို့ အဓိကပါပဲ ဝါးတိုင်းတော့လုပ်လို့မရပါဘူး အခုလိုမိုးကာလမှာဆိုရင် ဝါးဝယ်ရတာ အခက်အခဲရှိလို့ အနည်းငယ်ပဲလုပ်တော့တယ် မိုးကုန်ရင်တော့ မှာသလောက်ကို လုပ်မှာပါ” ဟု ဒေါ်ကြည်ဌေးက ပြောသည်။
မိုးရာသီကာလတွင် ဝါးနှီးဖြင့် လယ်ယာသုံး/မီးဖိုချောင်သုံး တောင်းပလုံးများကိုသာ ရက်လုပ် ရောင်းချသေးကြောင်းနှင့် ပွင့်လင်းရာသီရောက်ပါက ပစ္စည်းစုံပြန်လည်ရက်လုပ်နိုင်မှာဖြစ်ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)