ဗန်းမောက် ဩဂုတ် ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာဇော်ဝင်းကြူ(ပျဉ်းမနား) ဘာသာပြန်ရေးသားထားသည့် “ဗုဒ္ဓဦးနှောက်” စာအုပ်ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ဩဂုတ် ၂၈ နေ့ နံနက် (၁၀) နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ဝန်ထမ်းများအနေဖြင့် အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်စေရန်၊ စာပေကို မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏တန်ဖိုးကိုနားလည်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အတွေးအခေါ်ဗဟုသုတများရရှိလာစေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်စေရန်၊ အပြန်အလှန်ဆွေးနွေးပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်နှင့် စာအုပ်ပါအကြောင်းအရာများအား တွေးခေါ်ကြံဆလုပ်ကိုင်တတ်စေရန် ရည်ရွယ်၍ ရုံးတွင်းဝန်ထမ်းများ စာဖတ်ဝိုင်းများကို အပတ်စဉ် ကျင်းပဆောင်ရွက်နေတာဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မေသူဟန်ကပြောကြားပြီး ဗုဒ္ဓဦးနှောက်သည် သာမန်လူများ၏ဦးနှောက်နှင့်မတူဘဲ တစ်မူထူးခြားနေကြောင်း၊ ဗုဒ္ဓဦးနှောက်၏ ထူးခြားသောဖွဲ့စည်းပုံနှင့် အလုပ်လုပ်ပုံစနစ်များကို ဖော်ထုတ်ရေးသားထားသော စာအုပ်မဟုတ်ပါကြောင်း၊ ဗုဒ္ဓ၏ကျင့်စဉ်များသည် လူ့ဦးနှောက်နှင့် အာရုံကြောစနစ်ပေါ်တွင် မည်သို့သက်ရောက်မှုရှိပြီး ယင်းဦးနှောက်နှင့်အာရုံကြောစနစ်ကို မည်သို့ပြုပြင်ပြောင်းလဲသွား စေနိုင်သည်များကို နာဗ်ကြောသိပ္ပံ (neuroscienece) ပညာရှုထောင့်အရ ပညာရပ်အကိုးအကားများဖြင့် ရှင်းလင်းတင်ပြထားသည့် စာအုပ်တစ်အုပ်ဖြစ်ပါကြောင်း၊ မိမိ၏ ဦးနှောက်စွမ်းရည်များကို ထုတ်ယူသုံးစွဲခြင်းဖြင့် ပိုမိုကြီးမားသည့်ချမ်းသာသုခကို ရရှိနိုင်ပါကြောင်း စာအုပ်ပါအကြောင်းအရာများအား ဆွေးနွေးပြောကြားသွားပါသည်။
ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်လှလှရီက “သတိရှိခြင်း၏ အခြေခံအုတ်မြစ်များ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရုပ်သံကျွမ်းကျင်-၃ ဦးရဲအောင်က “နှလုံးသားထဲမှ ဝံပုလွေနှစ်ကောင်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ရုံးအကူဒေါ်ချစ်စုငယ်က “မီးများကို ငြိမ်းစေခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဖတ်ကြားကြပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မေသူ (ဗန်းမောက်)