လွိုင်ကော် ဩဂုတ် ၂၉
လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (SOP)ရေးဆွဲပြုစုရေး ကယားပြည်နယ် လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦိးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်အတွင်း လယ်ယာမြေနှင့် သက်ဆိုင်သော လုပ်ငန်းစဉ်များ ဆောင်ရွက်ရာ၌ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကာလအလိုက်လယ်ယာမြေသုံးစွဲမှု မြေပြင်ပကတိ အခြေအနေများကို ကွင်းဆင်းကောက်ယူပြီး စာရင်းဇယားမှန်ကန်စေရေး အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လယ်ယာမြေတွင် အဓိကသီးနှံဖြစ်သော စပါးကို ဦးစားပေး စိုက်ပျိုးရမည်ဖြစ်ပြီး မြေအမျိုးအစားအလိုက် သတ်မှတ်သီးနှံများစိုက်ပျိုးရန်၊ စိုက်ပျိုးနိုင်သော လယ်ယာမြေများ လျော့ပါးမှုမရှိစေရန်၊ လယ်ယာမြေများကို ခွင့်ပြုချက်မရှိဘဲ အခြားနည်းဖြင့် သုံးစွဲမှုများ ထပ်မံပေါ်ပေါက်မှု မရှိစေရေးအတွက် သက်ဆိုင်ရာကော်မတီဝင်များက ဖြေရှင်းဆောင်ရွက်မည့် နည်းလမ်းများ၊ လုပ်ထုံးလုပ်နည်း စံနှုန်းများကို တည်ဆဲလယ်ယာမြေဥပဒေအရ သက်ဆိုင်သည့် ပြဌာန်းချက်များအပေါ် အခြေခံပြီး စနစ်တကျ ဆန်းစစ်ပြုစုတင်ပြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်လုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် ပြည်နယ်လုပ်ငန်းကော်မတီအဖွဲ့ဝင်များ ကယားပြည်နယ်အတွင်း လယ်ယာမြေကို ခွင့်ပြုချက်မရရှိဘဲ အခြားနည်းသုံးစွဲမှု အခြေအနေများ၊ ပြည်နယ်မြေအသုံးချမှုကော်မတီ၏ လယ်ယာမြေဆိုင်ရာ လုပ်ထုံးလုပ်နည်းစံနှုန်း (SOP) ရေးဆွဲပြုစုရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနများက ကဏ္ဍအသီးသီးတွင် မြို့နယ်များအလိုက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ဆန်းစစ်တင်ပြသွားမည့် အကြံပြုသုံးသပ်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များက တင်ပြမှုများအပေါ် ဖြည့်စွက် ဆွေးနွေးတင်ပြခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)