ခန္တီး ဩဂုတ် ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်တွင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး၊ ခရိုင်မြေ၊ မျိုး၊ ပိုးဌာနခွဲများနှင့် မြို့နယ်ဦးစီးမှူးရုံးတို့မှစုပေါင်း၍ ခန္တီးမြို့နယ်၊ သာစည်ရပ်၊ အောင်သာယာကွင်း၊ ကွင်းအမှတ် (၄) ၊ ဦးပိုင်အမှတ် (၂၀) ရှိ တောင်သူဦးကျော်စံဝင်း၏ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများ၊ ပန်းတိုင်အထွက်နှုန်းထွက်ရှိရေးစံပြကွက်များ၊ SRIစိုက်ခင်းများနှင့် ယာစပါးမျိုးသန့်မျိုးပွားစံပြကွက်များတွင် တောင်သူပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ရှေ့ဦးစွာခရိုင်ဦးစီးမှူး ဦးနိုင်မော်လွင်မှရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်သော စိုက်နည်းစနစ်များအကြောင်းကိုလည်းကောင်း၊ ခရိုင်လယ်စီ/အင်းဦးစီးမှူး ဦးပြုံးမှတောင်သူများ သိရှိထားသင့်သည့် လယ်ယာမြေနှင့်ပတ်သက်သော ကိစ္စရပ်များအကြောင်းကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြပြီး ပညာပေးလက်ကမ်းစာစောင်များ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ထို့နောက်ခရိုင်မြေ၊မျိုး၊ပိုး တာဝန်ခံများဖြစ်သော ဦးဝင်းကျော်ထွန်းနှင့်ဦးမင်းမင်းဇော်တို့မှ မိုးစပါးသီးနှံတွင် ကြားပေါင်းလိုက်ကိရိယာအသုံးပြုခြင်း၊ မျိုးစေ့ထုတ်ကွက်များအား မျိုးကွဲပယ်ခြင်း၊ ပိုးမွှားရောဂါကင်းထောက်ခြင်းနည်းပညာများကို ရှင်းလင်းပြောကြားပြီး လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။ မြို့နယ်ဦးစီးမှူးဒေါ်စုစုခိုင်မှလည်း "ဒေသနှင့်ကိုက်ညီမှု ရှိ/မရှိစမ်းသပ်စိုက်ပျိုးထားသည့် ပေါ်ဆန်းစပါးစိုက်ခင်းတွင် သဘာဝမြေသြဇာနှင့်ဓာတ်မြေသြဇာ အချိုးကျရောစပ်ကြဲပက်ခြင်း" ကွင်းသရုပ်ပြပွဲကိုဆောင်ရွက်ခဲ့ရာ တောင်သူများမှ စိတ်ပါဝင်စားစွာဖြင့်သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ တောင်သူပညာပေးအခမ်းအနားများသို့ မိတ်ဖက်ဌာနဆိုင်ရာမှဝန်ထမ်း၁ဦး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်း ၁၅ ဦးနှင့် တောင်သူ (၃၃) ဦး စုစုပေါင်း (၄၉)ဦး တက်ရောက်ခဲ့ကြပါသည်။
ခရိုင် (ပြန်/ဆက်)