ရှမ်းရွာသစ် ဩဂုတ် ၂၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသခံပြည်သူများသည် တောင်ယာလုပ်ငန်းနှင့် ဥယျဉ်ခြံမြေ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြပြီး တစ်ဖက်တစ်လမ်းမှ မိသားစု အပိုဝင်ငွေရရှိစေရန် မီးဖိုချောင်သုံးသီးနှံတစ်မျိုးဖြစ်သည့် နနွင်းစိုက်ပျိုးသည့်လုပ်ငန်းကို တစ်ပိုင်တစ်နိုင်လုပ်ကိုင်ကြရာ နနွင်းများ ဝယ်လိုအားကောင်းမှုကြောင့် ဒေသနေပြည်သူများ တိုးချဲ့စိုက်ပျိုးလာကြောင်း သိရသည်။
"ယခုနှစ်တွင် ကျွန်မတို့ ဒေသခံပြည်သူများ မိသားစုဝင်ငွေ တိုးပွားရန်အတွက် တစ်ပိုင်တစ်နိုင်စိုက် ပျိုးထားသည့် နနွင်းစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်ပြီး နနွင်းဥများ လှိုင်လှိုင်ဥလို့ အဆင်ပြေကြောင်း၊ နနွင်း ခြောက်တစ်ပိဿာ (၄၅၀၀)ကျပ်မှ (၅၀၀၀)ကျပ်အထိ ရရှိကြောင်း၊ နနွင်းမှုန့်တစ်ပိဿာ (၉၀၀၀)ကျပ်ဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအများစုမှ လာရောက်ဝယ်ယူပြီး ရောင်းချရရကြောင်း၊ အထွက်နှုန်းကောင်းမွန်စေတဲ့ စိုက်ပျိုးရေးနည်းစနစ်များ တိုးတက်လာသည့်အတွက် တောင်သူအများစုသည် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း ၊ နနွင်းကို ဇွန်လ ပထမပတ်မှ စတင်စိုက်ပျိုးပြီး ဇန်နဝါရီလတွင် တူးယူပြီး နနွင်းခြောက်နှင့် နနွင်းမှုန့်များကို ရောင်းချကြောင်း၊ သဘာဝနနွင်းစစ်စစ်ဖြစ်သည့်အတွက် ဆေးဖက်ဝင်ပြီး သဘာဝမီးဖိုချောင်သုံး အစားအသောက်တစ်မျိုးဖြစ်ရာ နနွင်းပေါ်ချိန်ရောက်လျှင် ရောင်းကောင်းပြီး မိသားစု အပိုဝင်ငွေ ရရှိသောကြောင့် ဒေသနေပြည်သူအများစု တိုးချဲ့စိုက်ပျိုးလာကြောင်း" နနွင်းစိုက်ပျိုးရောင်းချသည့် ဒေသနေပြည်သူတစ်ဦးထံမှ သိရသည်။
ရှမ်းရွာသစ်မြို့တွင် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉)အုပ်စုရှိရာ ဒေသနေပြည်သူအများစုသည် နနွင်းစိုက်ပျိုးသည့် လုပ်ငန်းကို မိမိတို့အိမ်ခြံဝင်းများ၊ တောတောင်ခြံမြေများတွင် တစ်ပိုင် တစ်နိုင် တိုးချဲ့စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)