ကန်ကြီးထောင့်မြို့၌ ကြိုတင်ဆန္ဒမဲပုံးအား လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ်ခြင်းဆောင်ရွက်

ကန်ကြီးထောင့်  အောက်တိုဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲများထားရှိမည့် ဆန္ဒမဲပုံးအား လွှတ်တော်ကိုယ်စားလှယ် လောင်းများ၏ ရှေ့မှောက်၌ လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ်ခြင်းကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာသီရိသုခ ခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစံမင်းနှင့် အတွင်းရေးမှူးတို့က ကြိုတင်ဆန္ဒမဲပေးခြင်းနှင့် ပတ်သက်၍ လိုက်နာရမည့် စည်းကမ်းချက်များ၊ ကြိုတင်ဆန္ဒမဲပုံးအား လုံခြုံစွာ ထိန်းသိမ်းစောင့်ရှောက်သွားမည့် အကြောင်းအရာများနှင့် ဆန္ဒမဲပုံးအား လုံခြုံရေးကြိုး ချိတ်ပိတ်ပုံ အဆင့်ဆင့်ကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ ရှေ့မှောက်တွင် ကြိုတင်ဆန္ဒမဲပုံးကို လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်အနေဖြင့် ရပ်ကွက်/ကျေးရွာ အုပ်စုပေါင်း ၈၀ တွင် မဲရုံပေါင်း ၁၃၉ ရုံနှင့် နောက်ဆုံးအကြိမ် ထုတ်ပြန်သော မဲဆန္ဒရှင်စာရင်းများအရ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ဦးရေမှာ ၁၃၀၉၈၂ ဦးရှိပြီး၊ မြို့နယ် ကြိုတင်ဆန္ဒမဲပေးမည့် အရေအတွက်မှာ ယခုလက်ရှိစာရင်းများအရ ၂၀၀ ကျော်ခန့်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

နန်းထိုက် (ပြန်/ဆက်)