ရှမ်းရွာသစ် ဩဂုတ် ၂၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပညာရေးဌာနှင့်ကျေးလက်ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလူငယ်လေးများ ကျန်းမာရေးအသိရှိစေရန်၊ ကျန်းမာကြံ့ခိုင်သန်စွမ်းသောလူငယ်လေးများဖြစ်စေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီက အမှတ်(၁)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းတွင် ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနမှ တာဝန်ခံသားဖွားဆရာမ ဒေါ်နော်ကေသီစိုးက မိုးရာသီကာလတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါဆိုင်ရာ အကြောင်းအရာများ၊ တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာအကြောင်းအရာများ၊ ခန္ဓာကိုယ်ကြီးထွား ဖွံ့ဖြိုးမှုဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဟောပြောပြီးနောက် ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကျောင်းသား/သူများအား တစ်ကိုယ်ရေကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် လိုအပ်သော ကျန်းမာရေးစောင့် ရှောက်ပေးမှုဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနအနေဖြင့် ကျောင်းသား/သူများ ကျန်းမာရေးနှင့်ပတ်သက်သောအသိပညာဗဟုသုတရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် အတွက် မြို့အတွင်းရှိ အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ ကျောင်းကျန်းမာရေး အသိပညာပေးလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)