သံတောင်ကြီး ဩဂုတ် ၂၉
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာ နှစ်ရှည်သီးနှံပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ သံပုရာသီးစိုက်ပျိုးခြင်း လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခုမိုးတွင်းအချိန်တွင် သံပုရာသီးများ အသီးအထွက်နှုန်းကောင်းသော်လည်း ဝယ်လိုအားကျဆင်းလျက်ရှိကြောင်း သိရသည်။
သံတောင်ကြီးဒေသတွင် ဒေသခံပြည်သူများမှာအများ သံပရာသီးပင်များကို အများအားဖြင့် ကိုင်းကူးကာ စိုက်ပျိုးကြသည်။ အဆိုပါ သံပရာသီးကိုင်းကူးပင်များ စိုက်ပျိုးပြီး(၇)နှစ်ခန့်တွင် အသီးများစတင် သီးလာသည်။ သံပရာသီးများသည် နွေရာသီတွင် အထွက်နှုန်းနည်းသော်လည်း ဈေးကောင်းရရှိပြီးအလုံး အရွယ်အစားအလိုက်တစ်လုံးကို ကျပ်(၈၀)မှာ ကျပ်(၁၀၀) အထိ ရရှိသော်လည်း ယခုမိုးတွင်းအချိန်တွင် တစ်လုံးလျှင် ကျပ်(၃၀)မှ ကျပ်(၄၀)သာရရှိကြောင်း သံပရာသီးများကို သံတောင်ကြီး မြို့ပေါ်တွင်သာမက တောင်ငူမြို့ရှိ အသီးအနှံ ရောင်းဝယ်သူများထံ သွားရောက်ရောင်းချလျက်ရှိကြောင်း ယခုဈေးနှုန်း ကျဆင်းချိန်နှင့် ဝယ်လိုအားကျဆင်းချိန်တွင် တစ်ချို့သံပရာသီးစိုက်ပျိုး လုပ်ကိုင်သူများက သံပရာရည်ပြုလုပ်ကာ သိုလှောင်ကြပြီး နွေရာသီအချိန်တွင် ပြန်လည်ရောင်းချကြကြောင်း ဒေသခံသံပရာသီးစိုက်ပျိုးလုပ်ကိုင်သူ ဦးစောကညောထံက သိရသည်။
နော်နော်မူ