လိပ်သိုမြို့တွင် ဒေသခံပြည်သူများ ရာသီပေါ်ချဉ်ပေါင်ဖာလာသီးနှံများ စတင်ဆွတ်ခူးခြင်းလုပ်ကိုင်

လိပ်သို ဩဂုတ် ၂၉

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရှိ ဒေသခံပြည်သူများသည် ဥယျာဉ်ခြံလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ ဖာလာပင်စိုက်ပျိုးခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။

လိပ်သိုဒေသတွင် ဒေသခံပြည်သူများမှာ အဓိကစီးပွားရေးလုပ်ငန်းအဖြစ် ဖာလာပင် စိုက်ပျိုးခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး ဩဂုတ်လ နောက်ဆုံးပတ်မှစ၍ ဖာလာစိုက်ပျိုးသူတောင်သူများမှာ ဖာလာသီးများ ဆွတ်ခူးရန်အတွက် ဥယျာဉ်ခြံများသို့  သွားရောက်လျက်ရှိကြသည်။ ဒေသရှိကျေးရွာအများအပြားမှာ ရာသီပေါ်ချိန် နှစ်ရှည်သီးနှံ တစ်မျိုးဖြစ်သော ချဉ်ပေါင်ဖာလာများ စတင်ရင့်မှည့်လာပြီဖြစ်၍ ဒေသခံတောင်သူများ စတင်ဆွတ်ခူး ထုတ်လုပ်အခြောက်ခံလျက်ရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။

ယခင်နှစ်ကာလများက ဖာလာဆွတ်ခူးအခြောက်ခံထုတ်လုပ်ရာတွင် လိုအပ်သောလုပ်သားများကို  ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်နှင့် အခြားသောမြို့နယ်များမှ လုပ်သားများလုံလောက်စွာ ငှါးရမ်းခေါ်ယူရရှိခဲ့သော်လည်း ယခုနှစ်တွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ လုပ်အားခများ ကြီးမြင့်လာခြင်းတို့ကြောင့် ခြံပိုင်ရှင်ကြီးများ အလုပ်သမားများခေါ်ယူရန် အခက်အခဲများစွာနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ချဉ်ပေါင်ဖာလာသီးနှံမှာ ရာသီပေါ်ချိန်ကာလအတွင်းတွင် အချိန်မှီဆွတ်ခူး အခြောက်ခံ ပြုလုပ်နိုင်မှသာလျှင်  ပျက်စီးဆုံးရှုံးမှုနည်းပါးမည်ဖြစ်ပြီး ဖာလာသီးများကို ဩဂုတ်လနောက်ဆုံးပတ်မှ အောက်တိုဘာလအထိ ဆွတ်ခူးကြကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)