သံတောင်ကြီး ဩဂုတ် ၁၅
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုး၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ Book Club နှင့် Youth Club အဖွဲ့ဝင်များသည် ယနေ့နံနက် (၉) နာရီက Community Centre ခန်းမတွင် စာရေးဆရာခင်စောတင့်၏ ဘဝအသစ်ရဲ့အစများစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ နော်လော်မူက စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး Book Club အဖွဲ့ဝင် နော်ခိုင်ခင်ထက်က စာအုပ်ပါအကြောင်းအရာဖြစ်သည့် မုသားစကားမဆိုချင်ပါ၊ လက်ခံလိုက်ပါပြီ၊ ခလုတ်တိုက်မိတဲ့အခါ၊ ဘယ်သူမှန်ပါသလဲ ၊ အမြင်ချင်းတော့မတူပါလေ စသည့်အကြောင်းအရာများကို ဖတ်ကြားခဲ့သည်။
၎င်းနောက် Youth Club အဖွဲ့ဝင် စောဟဲဒိုစိုးက ကြွက်ကလေးပေးတဲ့သင်ခန်းစာ၊ ခဏလောက် ရပ်နားကြရအောင်၊ ပုတ်သင်ညိုလိုအရောင်ပြောင်းနိုင်၊ အမြင်တွေပြောင်းလဲကြစို့ စသည်တို့ကို ဖတ် ကြားဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် Book Club နှင့် Youth Club အဖွဲ့ဝင်များက အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
စာရေးဆရာခင်စောတင့်၏ ဘဝအသစ်ရဲ့အစများစာအုပ်ဖတ်ရှုခြင်းဖြင့်မိဘများက ကလေးများအား နည်းလမ်းတကျသွန်သင်ဆုံးမတတ်စေရန်၊ လိမ်ညာပြောတတ်သူများ မဖြစ်စေရန်၊ ခွင့်လွှတ်တတ်သောစိတ်များရှိစေရန် စသည့် ဗဟုသုတများ ရရှိစေမည် ဖြစ်ပါသည်။
စောမင်းသား(ပြန်/ဆက်)