သံတောင်ကြီး ဩဂုတ် ၁၅
ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်၍ ဥယျာဉ်ခြံလုပ်ငန်းများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ လက်ဖက်စိုက်ပျိုးခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခုနှစ်တွင် လက်ဖက်စိုက်ပျိုးချိန်ဖြစ်သည့် ဩဂုတ်လတွင် ဒေသခံတောင်သူများမှာမိမိတို့ ဥယျဉ်ခြံမြေများ၌ လက်ဖက်စိုက်ပျိုးသူများ ပိုမိုများပြားလာကြောင်းသိရသည်။
အဆိုပါ ဒေသခံပြည်သူများမှာ အများအားဖြင့် (၁)နှစ်သား လက်ဖက်ပျိုးပင်များကို စိုက်ပျိုးပြီး(၅)နှစ်ခန့်တွင် လက်ဖက်အရွက်နုများ စတင်ခူးယူနိုင်ပြီဖြစ်သည်။ သံတောင်ကြီးဒေသတွင် မိုးတွင်းအချိန်တွင် လက်ဖက်အရွက်နုများကို ခူးယူကာ မနူးတနူးပြုတ်၍ လက်ဖက်စိုပြုလုပ်ပြီး ပလတ်စတစ် (သို့မဟုတ်) ဖက်ရွက်ဖြင့် ပြန်လည် ထုတ်ပိုးပြီး သံတောင်ကြီးမြို့ သာမက တောင်ငူမြို့ရှိ လက်ဖက်အစို အဝယ်ဒိုင်များတွင် ရောင်းချလျက်ရှိကြောင်း လက်ဖက်စိုက်ပျိုးလုပ်ကိုင်သူ တောင်သူဦးစောဖရက်ထံက သိရသည်။
နော်နော်မူ