ထားဝယ် ဩဂုတ် ၂၉
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဆရာမိုးဒီကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ ဆရာမိုးဒီကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပသည်။
လူငယ်များ၊ အသိပညာစွမ်းအား၊ အတတ်ပညာစွမ်းအား၊ အတွေးအခေါ်စွမ်းအားများ ပြည့်ဝစေပြီး လူအများရှေ့စကားပြောဆိုရာ၌ ရဲဝံ့စွာပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများနှင့် ပြည့်စုံပြီး ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များ ပေါ်ထွန်းလာစေရန်၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အတွက်ကျင်းပခြင်းဖြစ်သည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ခိုင်က လူငယ်များ အချင်းချင်းအသိပညာ၊ အတတ်ပညာ၊ ဗဟုသုတနှင့် ကျင့်ဝတ်တန်ဖိုးများမျှဝေပေးရန်၊ အနာဂတ်လူ့ဘောင်အဖွဲ့အစည်းအား ၎င်းတို့၏ အတွေးအမြင် ကောင်းများဖြင့် အကောင်အထည်ဖော် တည်ဆောက်ရန်နှင့် လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတတ်စေရန်၊ လူငယ်များအား နှုတ်မှုစွမ်းရည် တိုးတက်လာစေရန်၊ ကျန်းမာကြံ့ခိုင်သော လူငယ်များဖြစ်လာစေရန်၊ စာဖတ်စွမ်းရည်တိုးတက်လာစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန် စသည့်ရည်ရွယ်ချက်ဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း၊ ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း၊ လူငယ်များအနေဖြင့် မိမိတို့ထားရှိသည့် ရည်မှန်းချက် အတိုင်းပန်းတိုင်ကိုလှမ်းနိုင်ရန် ဘဝမှာအောင်မြင်ပြီးတိုင်းပြည်က အားကိုးအားထားပြုရသော လူငယ်များဖြစ်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်နုက ဦးဆောင်ဆွေးနွေးသူ (Moderator) အဖြစ်ဆောင်ရွက်ပြီး ဆွေးနွေး ပြောကြားသူများအဖြစ် ဆရာမိုးဒီကိုယ်ပိုင်အထက်တန်း ကျောင်းမှကျောင်းသား/သူများဖြစ်ကြသည့် Grade-10 ကျောင်းသူ မမြတ်ရတနာလင်းက လူငယ်နှင့်မူးယစ်ဆေး၊ Grade-8 ကျောင်းသူ မသီရိစံက လူငယ်နှင့်စာဖတ်ခြင်း၊ Grade-9 ကျောင်းသားမောင်ကျော်ကျော်ဇင်က လူငယ်နှင့်အားကစား၊ Grade-12 ကျောင်းသား မောင်သီဟထက်ဇော်က လူငယ်နှင့်ကျန်းမာရေး၊ Grade-9 ကျောင်းသားမောင်ဇေယျာဟိန်း လူငယ်နှင့်စာရိတ္တ၊ Grade-12 ကျောင်းသူ မအေးချမ်းမြက လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေးစသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။
ယင်းနောက်တက်ရောက်လာသော ကျောင်းသား/သူများနှင့် အပြန်အလှန်မေးမြန်းဆွေးနွေးပြီး ကျောင်းအုပ်ဆရာမကြီး က ကျေးဇူးတင်စကားပြောကြားကာ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ဆွေးနွေးပြောကြားသော ကျောင်းသား/သူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်းပေးအပ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်နှင့် သုတ/ရသ စာအုပ်စာစောင်ပြပွဲများအား ကြည့်ရှုခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)