ချောက် သြဂုတ် ၂၈
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် (၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲ ကျင်းပနိုင်ရေးနှင့် တိုင်းဒေသကြီးအဆင့် ဝင်ရောက်ယှဥ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်က အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပခြင်း၏ ရည်ရွယ်ချက်(၄)ရပ်အား ဖတ်ကြားရှင်းလင်းပြီး မြို့နယ်အဆင့်မှ ခရိုင်အဆင့်အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် တိုင်းဒေသကြီးအဆင့် ဝင်ရောက်ယှဥ်ပြိုင်ရေးအတွက် တက်ရောက်လာကြသောခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ချောက်၊ ရေနံချောင်းမြို့နယ်တို့မှ သဘင်အစည်းအရုံးဥက္ကဋ္ဌတို့ ပူးပေါင်းညှိနှိုင်း၍ အောင်မြင်စွာဆောင်ရွက်သွားကြပါရန် ပြောကြားခဲ့သည်။ ဆက်လက်၍ ချောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်၊ ရေနံချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးတို့က ပြိုင်ပွဲကျင်းပရေးနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ချောက်မြို့နယ် သဘင်အစည်းအရုံးဒုတိယဥက္ကဋ္ဌ ဦးကျော်လင်းခိုင်နှင့်ရေနံချောင်းမြို့နယ် အဆိုပညာရှင် ဦးခင်မောင်သိန်းတို့က ပြိုင်ပွဲနှင့်ပတ်သက်၍ ပြိုင်ပွဲဝင်များအတွက် လိုအပ်မည့်ပစ္စည်းများအား ရှင်းလင်းတင်ပြခဲ့ပြီး သက်ဆိုင်ရာပြိုင်ပွဲကျင်းရေးကော်မတီဥက္ကဋ္ဌများ၊ အဖွဲ့ခေါင်းဆောင်များက မိမိတို့နှင့်သက်ဆိုင်သည့် ကဏ္ဍအလိုက် တာဝန်ယူရမည့်လုပ်ငန်းများနှင့်ပတ်သက်၍ဆောင်ရွက်မည့် အခြေအနေများအား အသီးသီးရှင်းလင်းတင်ပြခဲ့ကြသည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ချောက်၊ ရေနံချောင်းမြို့နယ်များမှ သဘင်အစည်းအရုံး တာဝန်ရှိသူများက ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ အောင်မြင်စွာကျင်းနိုင်ရေးအတွက် ကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြမှုများအပေါ် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)