ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရေးအတွက် ဆီထွက်သီးနှံနေကြာ၉၂၀ဧက လျာထားစိုက်ပျိုးဆောင်ရွက်

ပွင့်ဖြူ ဩဂုတ်၂၈

မကွေးတိုင်းဒေသကြီး၊ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရန်နှင့် တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ ဆီထွက်သီးနှံနေကြာစိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး ၉၂၀ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကာ ယနေ့အထိ နေကြာသီးနှံဧက ၄၉၅ဧက စိုက်ပျိုးဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ဆီထွက်သီးနှံနေကြာစိုက်ပျိုးရေးလုပ်ငန်းသည် စိုက်ပျိုးစရိတ် အကုန်အကျသက်သာပြီး သီးနှံဝင်ငွေပိုမိုရရှိသည့်အတွက် ဒေသခံတောင်သူများက မိုးနေကြာနှင့်ဆောင်းနေကြာသီးနှံစိုက်ပျိုးရေးကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရကာ နေကြာသီးနှံစိုက်ပျိုးရာ၌ တောင်သူတစ်ဦးချင်းအလိုက် သီးနှံအထွက်နှုန်းတိုးတက်ရေးနှင့်သီးနှံပိုးမွှားရောဂါကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရှိ တာဝန်ခံကွင်းဝန်ထမ်းများက နယ်မြေကွင်းဆင်းပြီး ပံ့ပိုးကူညီ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။ 

ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အနေနဲ့ ဆီထွက်သီးနှံနေကြာ စိုက်ပျိုးခြင်းကို တစ်မြို့နယ် လုံး ၉၂၀ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမှာဖြစ်ပြီး ဒေသခံတောင်သူများက ဇွန်လဆန်းပိုင်း ရွာသွန်းခဲ့တဲ့မိုးနဲ့ စတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ နေကြာသီးနှံစိုက်ဧက ၄၉၅ ဧက စိုက်ပျိုးပြီးစီးသွားပြီ ဖြစ်ပါတယ်။ ဒေသခံတောင်သူများကိုလည်း မိုးနေကြာသီးနှံစိုက်ပျိုးရာတွင် အခက်အခဲမဖြစ်စေဖို့အတွက် မျိုးကောင်းမျိုးသန့်မျိုးစေ့နဲ့သွင်းအားစုပစ္စည်းများကို နိုင်ငံတော်မှ ထောက်ပံ့ကူညီဆောင်ရွက်ပေးထားပါတယ်။ ဒါ့အပြင် သီးနှံအထွက်နှုန်း ကောင်းမွန်စေဖို့အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရှိ ဝန်ထမ်းများကလည်း တောင်သူများကို တွေ့ဆုံပြီး အခြေခံစိုက်ပျိုးရေးနည်းစနစ်များနဲ့ သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ ၊ အချိန်အခါအလိုက် သုံးစွဲရမယ့် သွင်းအားစုပစ္စည်း အချိုးကျသုံးစွဲနည်းစနစ်တွေကို တောင်သူအသိပညာပေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ဆီထွက်သီးနှံစိုက်ပျိုးခြင်းနဲ့ ပတ်သက်ပြီး တောင်သူတွေကို သတ်မှတ်လျာထားဧက ပြည့်မီအောင် စိုက်ပျိုးကြဖို့ တွန်းအားပေးဆောင်ရွက်လျက်ရှိပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။

ပွင့်ဖြူမြို့နယ်တွင် ယခု ၂၀၂၃ -၂၀၂၄ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့်ဒေသတွင်းစားသုံးဆီဖူလုံပိုလျှံစေရေးအတွက် ရည်ရွယ်၍ နေကြာသီးနှံ စိုက်ဧက ၉၂၀ ဧက ၊ ၂၉၃၃ ဧက ၊ နှမ်း ၆၆၈၅ ဧက ၊ စုစုပေါင်း ဆီထွက်သီးနှံစုံ စိုက်ဧက ၁၀၅၃၈ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ပြီး ယနေ့အထိ ဆီထွက်သီးနှံစုံ ၁၄၉၇၀ဧက စိုက်ပျိုးဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ဆက်လက်၍ ဒေသခံတောင်သူများက ဆီထွက်သီးနှံစုံစိုက်ပျိုးခြင်းကို သတ်မှတ်လျာထားဧက ပြည့်မီစေရေးအတွက် သီးသန့်စိုက်ပျိုးခြင်းအပြင် အခြားသီးနှံများဖြင့် ရောနှောပြီး သီးညှပ်စိုက်ပျိုးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ )