ဆိပ်ဖြူမြို့နယ်၌ မိုးရွာသွန်းမှုနည်းခြင်းကြောင့် တောင်သူများ၏ စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းမှုနည်းပါး

ဆိပ်ဖြူ   အောက်တိုဘာ ၁၅

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးတောင်သူများ၏ ပဲတီစိမ်းနှင့် မြေပဲစိုက်ခင်းများသည် မိုးရွာသွန်းမှု နည်းပါးခြင်းကြောင့် အောင်မြင်ဖြစ်ထွန်းမှု နည်းပါး၍ သီးနှံထွက်နှုန်းကျဆင်းလျက်ရှိကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်ရှိ ဒေသခံပြည်သူအများစုသည် မိရိုးဖလာတောင်သူလုပ်ငန်းကို လုပ်ကိုင်သူများပြားပြီး မိုးသီးနှံကို ကုန်းစိုက်ခင်း ယာမြေများတွင် ပဲတီစိမ်း ၊မြေပဲတို့ကို အများဆုံးစိုက်ပျိုးထုတ်လုပ်ကြသည်။ ထိုသို့စိုက်ပျိုးလျှက်ရှိရာတွင် ယခုနှစ် မိုးရာသီ၌ တောင်သူများ စိုက်ပျိုးထားရှိသော ပဲတီစိမ်းနှင့် မြေပဲစိုက်ခင်းများ မိုးရွာသွန်းမှု နည်းပြီး အောင်မြင်ဖြစ်ထွန်းမှုနည်း၍ အသီးအနှံ ထွက်နှုန်းလျှော့လျက်ရှိသည်။

တောင်သူများနှစ်စဉ်  မိုးသီးနှံကို ဇူလိုင်လ (မြန်မာလနှင့်ဆိုလျှင် ဝါဆိုလ) အလယ်ပိုင်းမှစတင်ကာ မြေပဲနှင့် ပဲတီစိမ်းကို စိုက်ပျိုးကြပြီး မိုးရွာသွန်းမှုမှန်ပြီး မိုးရေလုံလောက်စွာရရှိသည့်နှစ်တွင် အထွက်နှုန်းကောင်းခဲ့ကြသလို ယခုနှစ်က စိုက်ပျိုးချိန် ဇူလိုင်လ မိုးနောက်ကျလို့ ဩဂုတ်လလောက်မှ စိုက်ပျိုးကြရကြောင်း၊ တောင်သူတွေမှာ အဓိက မိုးလိုအပ်ချိန်က ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလ မိုးဖြိုင်ဖြိုင်ရွာရင်အဆင်ပြေကြောင်း ယခုနှစ်မိုးရွာသွန်းမှုက နှစ်တိုင်းနဲ့မတူဘဲ တိမ်ဘုတ်မိုးအဆင့် လောက်သာရွာပြီး သဲသဲမဲမဲမိုး မရွာသွန်းသည့်အတွက် စိုက်ပျိုးသီးနှံတွေ အောင်မြင်ဖြစ်ထွန်းမှုနည်းပြီး ၊သီးနှံအထွက်နှုန်း ကျဆင်းခြင်းဖြစ်ကြောင်း ၊ စက်တင်ဘာလ မှာဆို မြေပဲပင် ဥချဖို့ ဒေသအခေါ် ဆွယ်ထောက်မိုးလည်းမရွာတော့ မြေပဲတစ်ပင်လျှင် မြေပဲတောင့် နှစ်တောင့် ၊သုံးတောင့်လောက်သာ ဥပြီး ၊ပဲတီစိမ်းဆို အသီးမတင်ကြဘူး ၊ အရင်က တစ်ဧကတင်း(၂၀)ခန့် ထွက်ခဲ့ပေမယ့် ယခုနှစ်က နှစ်တင်းတောင်ထွက်ဖို့မလွယ်ဘူး ။ဒါကမြို့နယ်ထဲက အောက်ပိုင်းဒေသရွာတွေက တောင်သူအများ ကြုံတွေ့နေရတာပေါ့ ၊ မြို့နယ် အထက်ပိုင်း ဒေသဖြစ်တဲ့ ထွန်၊ သက္ကယ်ချင်း၊ ကဇွန်းမ ဘက်ကရွာတွေမှာ မိုးသာတော့ မြေပဲအထွက်ကောင်း ကြတယ်လို့ကြားသိရကြောင်း၊ ရေမြေတောတောင်ကွာခြားတယ်လို့ပဲပြောရမှာပေါ့။ အောက်ပိုင်းရွာတွေမှာ မိုးရေနဲ့ စိုက်တဲ့ တောင်သူတွေရဲ့ စိုက်ခင်းကတော့ မိုးရေအရနည်းပြီး အောင်မြင်မှုနည်းပါး၍ သီးနှံအထွက်နှုန်းကျဆင်းကာ စိုက်ပျိုးစရိတ်၊ အရှုံးနှင့်ရင်ဆိုင်ရမှာဖြစ်ကြောင်း ဂွေးပင်ချောင်းကျေးရွာမှ  ပဲတီစိမ်းနှင့် မြေပဲ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သော တောင်သူ ဦးတင်မောင်မြင့်က ပြောကြားသိရှိရသည်။

ကိုဇွဲ (အညာမြေ)