မြိတ်တက္ကသိုလ်တွင် “တိုင်းရင်းသားအရေးတက္ကသိုလ်အခြေပြု ဆောင်ရွက်ပေး” ခေါင်းစဉ်ဖြင့် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တိုင်းရင်း သား ဆရာ/မများ၊ ကျောင်းသား/သူများ တွေ့ဆုံ၍ စကားဝိုင်းကျင်းပ

မြိတ်   ဩဂုတ်   ၂၈

တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးနှင့် မြိတ်တက္ကသိုလ် တိုင်းရင်းသား ဆရာ/ မများ၊ ကျောင်းသား/သူများ တွေ့ဆုံပွဲကို တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့ပြီး “တိုင်းရင်းသားအရေး တက္ကသိုလ်အခြေပြု ဆောင်ရွက်ပေး” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးခဲ့ကြသည်။  

တွေ့ဆုံဆွေးနွေးပွဲကို တိုင်းရင်းသားလူမျိုးများ၏ စာပေယဉ်ကျေးမှု အနုပညာများ တိမ်ကောပပျောက်မှုမရှိစေရေးနှင့် တိုင်းရင်းသားလူမျိုးများ၏ အရေးကိစ္စတွေကို ပိုမိုထိထိရောက်ရောက် ဆောင်ရွက်နိုင်စေရန်နှင့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို နောင်လာနောက်သားများထံ လက်ဆင့်ကမ်းနိုင်ပြီး တိုင်းရင်းသားအချင်းချင်း ပိုမိုစည်းလုံး ညီညွတ်၍ ချစ်ကြည်ရင်းနှီးမှုများ တည်ဆောက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်သည်။

တွေဆုံရာတွင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများ၊ စာပေနှင့် အနုပညာများ ထိန်းသိမ်းမြှင့်တင်နိုင်ရန် အစဉ်အမြဲအလေးပေး ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု နှီးနှောဖလှယ်ရေး အကသင်တန်း၊ တိုင်းရင်းသား စာပေယဉ်ကျေးမှုနှင့် လူမှုစီးပွားဖွံ့ဖြိုးရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲများ၊ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ထောက်ပံ့မှုများအပြင် ဥပဒေရေးရာ အလုပ်ရုံဆွေးနွေးပွဲများ၊  ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ဖိုရမ်များ ကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြိတ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းက ဂုဏ်ယူဝမ်းမြောက်စကား ပြောကြားပြီး စကားဝိုင်းဆွေးနွေးပွဲကို စတင်ခဲ့သည်။ စကားဝိုင်းဆွေးနွေးရာကို “ တိုင်းရင်းသားအရေး တက္ကသိုလ်အခြေပြု ဆောင်ရွက်ပေး” ခေါင်းစဉ်ဖြင့် မြိတ်တက္ကသိုလ် ဒုတိယပါမောက္ခ ချုပ် ဒေါက်တာစိုးမိုးလွင်က Moderator အဖြစ်ဆောင်ရွက်၍ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပါမောက္ခချုပ်၊ ဒဿနိကဗေဒဌာန ပါမောက္ခဌာနမှူး ဒေါက်တာ စောလားကပေါ်၊ ဥပဒေပညာဌာန ပါမောက္ခဌာနမှူး ဒေါက်တာလှလှဌေးတို့က ဦးဆောင်၍ တိုင်းရင်းသားအခွင့်အရေးများ ဆိုင်ရာအကြောင်းအရာများနှင့် လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် တိုင်းရင်း သား ဆရာ/မများနှင့် ကျောင်းသား/သူများ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )