ကော့သောင်း ဩဂုတ် ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီး ဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ လူငယ်အချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကော့သောင်းမြို့ ပိတောက်ရွှေဝါရပ်ကွက်၊ နဝရတ်အားကစားခန်းမတွင် ယနေ့နံနက်(၉)နာရီခွဲခန့်က ကျင်းပခဲ့ရာအဆိုပါအခမ်းအနားသို့ ခရိုင်ပညာရေးမှူးနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ အ-ထ-က(ခွဲ) အ-လ-က(၂) ကျောင်းမှ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်က ကျောင်းသား၊ ကျောင်းသူလူငယ်များအဖွဲ့လိုက် ပူးပေါင်းပါဝင်ဆွေးနွေးတတ်ပြီး ပြောရဲ၊ဆိုရဲ ရှိစေရန်၊ဗလ ငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန်မှာအချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊အသိပညာဗဟုသုတများကို လက်တွေ့နယ်ပယ်တွင်အကျိုးရှိစွာအသုံးချတတ်ပြီး အများအကျိုးကို သယ်ပိုးထမ်းဆောင်နိုင်စေရန်၊ ကျောင်းသား၊ လူငယ်များကျောင်းစာအပြင် ပြင်ပဗဟုသုတများကြွယ်ဝစေရန် ရည်ရွယ်၍ ယခုကဲ့သို့လူငယ်စကားဝိုင်းများ ကျင်းပရခြင်းဖြစ်ကြောင်း အမှာစကားပြောခဲ့ သည်။
ယင်းနောက်လူငယ်စကားဝိုင်းဆွေးနွေးပွဲကို စတင်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်တင်သူဇာလှိုင်က Moderators အဖြစ်ပြုလုပ်ခဲ့ပြီး ဆဋ္ဌမတန်းကျောင်းသူမမျိုးရတီချိုက လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့် လည်း ကောင်း၊ သတ္တမတန်းကျောင်းသူ မဝတ်မှုန်သွယ်ဦးက ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် ကျောင်းသား၊ သူများ၏ အခန်းကဏ္ဍခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဧကဒသမတန်းကျောင်းသူ မနေခြည်သန့်ဇင်က လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးပြောကြားခဲ့ကြသည်။
ယင်းနောက် လူငယ်စကားဝိုင်းအခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား၊ သူများက ဆွေးနွေးခဲ့ကြသောအကြောင်းအရာများနှင့်ပတ်သက်၍ သိလိုသည်များအား မေးမြန်းခဲ့ကြရာ စကားဝိုင်းဆွေးနွေးကြသည့်ကျောင်းသား၊ သူများနှင့်သက်ဆိုင်ရာဌာန အသီးသီးမှတာဝန်ရှိသူများက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)