ကလိန်အောင် ဩဂုတ် ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အမှတ်(၃) ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း ကျောင်းတွင်းအားကစားပြိုင်ပွဲကို အားကစားကဏ္ဍ ဘက်စုံဖွံ့ဖြိုး၍ စွမ်းရည် မြင့်မားတိုးတက်လာစေရန်၊ မျိုးဆက်သစ် အားကစားသမား ပေါ်ထွန်းစေရန် ရည်ရွယ်၍ အခြေခံပညာကျောင်းတွင်း အသက်(၁၈)နှစ်အောက် အမျိုးသားဂိုလတ် ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကလိန်အောင်မြို့ အခြေခံပညာ အထက်တန်း ကျောင်းရှိ ဘောလုံးကွင်း၌ ကျင်းပသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီဝင်းက ပြိုင်ပွဲဝင်မည့် ကစားသမားများအား ပြိုင်ပွဲ စည်းမျဉ်း စည်းကမ်းချက်များအား ရှင်းလင်းပြောကြားပြီး ကျောင်းတွင်းအဖွဲ့စည်းထားသည့် အသင်း(၅)သင်းဖြင့် စတင်ယှဉ်ပြိုင်ကစားကြမည့် အသင်းများကို မဲစနစ်ဖြစ် ရွေးချယ်ကာ စတင်ယှဉ်ပြိုင်မည့် အသင်းများ ကျန်စစ်သားအသင်း၊ ဗန္တုလအသင်းတို့ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကို ဩဂုတ်လ (၂၈) ရက်နေ့၌မှ (၃၁)ရက်နေ့အထိ ပတ်လည်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့ ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီဝင်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)