တောင်တွင်းကြီးမြို့နယ်တွင် ကျေးရွာပေါင်းစုံချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

တောင်တွင်းကြီး ဩဂုတ် ၂၈

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် အမှတ်(၇)စစ်အခြေခံလေ့ကျင့်ရေးတပ်မှ ကြီးမှူး၍ ၂၀၂၃ ခုနှစ်၊ ဆဌမအကြိမ်မြောက် ကျေးရွာပေါင်းစုံချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက အဆိုပါတပ်ရှိ ဘောလုံးအားကစားကွင်း၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားတွင် အမှတ်(၇)စစ်အခြေခံလေ့ကျင့်ရေးတပ်မှ တပ်မှူး ဗိုလ်မှူးကြီးကျော်သန်းဆွေက အဖွင့်အမှာစကားပြောကြားရာတွင် ယခုပြိုင်ပွဲအား တစ်ဦးနှင့်တစ်ဦး အချင်းချင်း ချစ်ခင်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှုရှိ‌စေခြင်း၊ လူငယ်ဘောလုံးသမားများ တစ်နှစ်ထက် တစ်နှစ် ဘောလုံးစွမ်းရည်များ ပိုမို တိုးတက်လာစေခြင်းနှင့် လက်ရှိပြောင်းလဲလာသည့် ဘောလုံးနည်းဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို သိရှိနားလည်စေခြင်း၊ ကျေးရွာချစ်ကြည်ရေး ဘောလုံးပွဲမှသည် မြို့နယ်/ခရိုင်/တိုင်းအဆင့်မှ နိုင်ငံအဆင့် လက်ရွေးစင် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရေး စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တပ်မှူး ဗိုလ်မှူးကြီး ကျော်သန်းဆွေက အခမ်းအနားအား ဘောလုံးကန်၍ ဖွင့်လှစ်ပေးခဲ့ပြီး ပထမဆုံးပွဲစဉ်အဖြစ် ပင်ညွန့်ကျေးရွာအသင်းနှင့် ကျွဲဖြူကန်ကျေးရွာအသင်းတို့ ယဉ်ပြိုင်ကစားကြရာ ယှဥ်ပြိုင်နေမှုအား အမှတ်(၇)စစ်အခြေခံလေ့ကျင့်ရေးတပ်မှ တပ်မှုးနှင့် အရာရှိ/ ၎င်းတို့၏ မိသားစုဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ပြည်သူများက ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ ဆဌမအကြိမ်မြောက် ကျေးရွာပေါင်းစုံချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ၌ အုပ်စု(က)တွင် ရွာသာ၊ ငွေဘို၊ ရွာသစ်နှင့် ချောက်ကြား‌ကျေးရွာ ဘောလုံးအသင်း၊ အုပ်စု(ခ)တွင် ငမင်၊ ပန်းသွင်းကြီး၊ ပင်ညွှန့်နှင့် ကျွဲဖြူကန် ကျေးရွာဘောလုံးအသင်းတို့က အုပ်စုနှစ်ခုခွဲ၍ စက်တင်ဘာ ၇ ရက်နေ့အထိ ပတ်လည်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အကြိုဗိုလ်လုပွဲ ပွဲစဉ်များအား စက်တင်ဘာလ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့များတွင် ကျင်းပသွားမည်ဖြစ်ကာ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁၂ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)