ခမောက်ကြီး ဩဂုတ် ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယ ပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူ လူငယ်အချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ခမောက်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် (၁၀)နာရီခန့်က ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ ခရိုင်၊မြို့နယ်မှ ဌာနဆိုင်ရာများ၊ အထက်တန်းအဆင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်က ကျောင်းသား၊ ကျောင်းသူ လူငယ်များအသိပညာများ တိုးတက်လာစေရန်၊ ပရိသတ်အရှေ့တွင် ရဲဝံ့စွာပြောဆိုသည့် အလေ့အထများရှိလာစေရန်၊ လူငယ်အချင်းချင်း အသိပညာ အတတ်ပညာဖလှယ်တတ်ကြစေရန်၊ တစ်ဦးနဲ့တစ်ဦး ယဉ်ကျေးရည်မွန်စွာ ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အမှား၊ အမှန်ခွဲခြားတတ်စေရန်နှင့် စဉ်းစားဆင်ခြင်ဉာဏ် တိုးတက်စေရန် ရည်ရွယ်၍ ယခုကဲ့သို့လူငယ်စကားဝိုင်းများ ကျင်းပရခြင်းဖြစ်ကြောင်း အမှာစကားပြောခဲ့သည်။
ယင်းနောက်လူငယ်စကားဝိုင်းဆွေးနွေးပွဲကိုစတင်ခဲ့ရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မေဇင်ဦးက Moderators အဖြစ်ပြုလုပ်ခဲ့ပြီး ဒွါဒသမတန်းမှ မောင်ညီညီဆင့်က လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဧကဒသမတန်းမှ မသွယ်သွယ်မြင့်ကျော်က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒသမတန်းမှမခိုင်ဖူးဝေက လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးပြောကြားခဲ့ကြသည်။
ယင်းနောက်လူငယ်စကားဝိုင်းအခမ်းအနားသို့ တက်ရောက်လာကြသောကျောင်းသား၊သူများက ဆွေးနွေးခဲ့ကြသော အကြောင်းအရာများနှင့်ပတ်သက်၍ သိလိုသည်များအား မေးမြန်းခဲ့ကြရာ စကားဝိုင်းဆွေးနွေးကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခမောက်ကြီး (ပြန်/ဆက်)