ခမောက်ကြီးမြို့တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့်အသိပညာပေးပြပွဲများပြုလုပ်

ခမောက်ကြီး ဩဂုတ် ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယ ပညာဦးစီးဌာနတို့မှ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားစေရန် လူငယ်‎‎ရေးရာ အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်ပြပွဲ၊ စာအုပ်၊စာစောင်ပြပွဲများကို ယမန်နေ့က ခမောက်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဟောပြောပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အား/ကာမှူး ဦးနိုင်ကျာ်ဝင်းက အားကစားဆိုသည်မှာ ခွန်အားနှင့်ဉာဏ်ရည် ပေါင်းစပ်ဆောင်ရွက် ရသော နည်းစနစ်ဖြစ်ကြောင်း၊ အားကစားတွင်ယှဉ်ပြိုင်အားကစား၊ အပန်းဖြေအားကစား၊ လူထုအားကစား၊ ရိုးရာအားကစားဟူ၍ အမျိုးအစား(၄)မျိုးရှိကြောင်း၊ အားကစားသည် ကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်ကြောင်းစသည်ဖြင့် အားကစားဆိုင်ရာ အကြောင်းအရာများအား အသိပညာပေးဟောပြောခဲ့သည်။

ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်ဦးက ကျောင်းသား၊ ကျောင်းသူ လူငယ်တို့သည် အနာဂတ်တွင် တိုင်းပြည် တာဝန်ကိုလက်ဆင့်ကမ်း၍ ခေါင်းဆောင်လုပ်ကိုင်ရမည်ဖြစ်ရာငယ်ရွယ်စဉ်ကာလမှစ၍ အသိပညာဗဟုသုတများ ဝမ်းစာပြည့်အောင်သိုမှီးရမည်ဖြစ်ကြောင်းနှင့် "ကာယ၊ ဉာဏ၊ ဘောဂ၊ မိတ္တ၊ စာရိတ္တ" ဟူသည့် ဗလ(၅)တန်ဖွံ့ဖြိုးရန်အတွက် အကျိုးရှိမည့် စာအုပ်၊ စာပေများ ရွေးချယ်ဖတ်ရှုရမည်ဖြစ်ကြောင်း စသည်ဖြင့် စာဖတ်ခြင်း အလေ့အထကောင်းများဖြစ်စေရန် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး နံရံကပ်စာစောင်နှင့် ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေး နံရံကပ်စာစောင် ပြဘုတ်များ၊ သုတ၊ ရသ စာအုပ်၊ စာစောင်များအား စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

ခမောက်ကြီး (ပြန်/ဆက်)