မြိတ် ဩဂုတ် ၂၈
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော်ကြီးတွင်အကြိမ် (၅၀) မြောက် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကို စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ဗုဒ္ဓသာသနာ့ဗိမာန်တွင် ယမန်နေ့နေ့လယ် ၁ နာရီအချိန်က ကျင်းပခဲ့သည်။
ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို စေတီတော်ဩဝါဒါစရိယ၊ နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တလာသန လှည်းဘီးပရိယတ္တိစာသင်တိုက် ဆရာတော်နှင့် ဆရာတော် သံဃာတော်အရှင်သူမြတ်များ၊ စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့် ဧည့်ပရိတ်သတ် အပေါင်းတို့က “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ထံမှ စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစံရည်နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလ ခံယူဆောက်တည်ကြပြီး စေတီတော် ဩဝါဒါစရိယ ဆရာတော်များနှင့်သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များကို နာယူခဲ့ကြကာ ဆရာတော်ကြီးများနှင့် သံဃာတော်များအား ဝါဆိုသင်္ကန်းကပ်လှူ ပူဇော်ကြ၍ သီလရှင်များအား သီလရှင်ဝတ်စုံ ကပ်လှူခဲ့ကြသည်။
ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇဘဒ္ဒန္တဝိမလကန်သာပရိယတ္တိစာသင်တိုက် ဆရာတော်ထံမှ အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာလှူဒါန်းပွဲကို ဗုဒ္ဓသာ သနံစိရံတိဋ္ဌတု သာသနာ့အဓိဋ္ဌာန် (၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြကြောင်း သိရ သည်။
ခိုင်ထူး (ပြန်/ဆက်)