သာပေါင်း ဩဂုတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနမှ ဒုတိယအကြိမ် အခွန်ဆိုင်ရာဥပဒေ ရှင်းလင်းပွဲကို ဩဂုတ်လ ၂၅ ရက်နေ့၊ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အခွန်ဦးစီး ဌာနမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးတင်မောင်ထွေးက “ကုန်သွယ်လုပ်ငန်းခွန် ဥပဒေကို ၁၉၉၀ ပြည့်နှစ်တွင် ပြဌာန်းပြီး စတင်၍ကောက်ခံခဲ့ကြောင်း၊ ပြေစာပေါ်တွင် အခွန်အမှတ် တံဆိပ်ကပ်နှိပ်ပြီး ကုန်သွယ်လုပ်ငန်းခွန် ၅% ကောက်ခံ၍ စားသောက်ဆိုင်လုပ်ငန်းရှင်များ၊ ဟိုတယ်နှင့် တည်းခိုခန်း လုပ်ငန်း ရှင်များ၊ ရုပ်သံလွှင့်မီဒီယာလုပ်ငန်းရှင်များ၊ ရွှေထည်လက်ဝတ်ရတနာရောင်းချသည့် လုပ်ငန်းရှင်များ၊ လက်ကိုင်ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချ၊ ဝန်ဆောင်မှုဆောင်ရွက်သည့် လုပ်ငန်းရှင်များအပေါ် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ(၅)၊ အပိုဒ်ခွဲ(ခ)အရ ဆောင်ရွက်နေပါကြောင်း၊ ကုန်သွယ်လုပ်ငန်းခွန်မှာ ဝန်ဆောင်မှု/ကုန်သွယ်မှုဆောင်ရွက်သူထံမှ ကောက်ခံသော သွယ်ဝိုက်ခွန်ဖြစ်ပါကြောင်း” ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး ဒုတိယဦးစီးမှူး ဦးကျော်လင်းအောင်က” အခွန်အမှတ်တံဆိပ်များကို ရှင်းလင်းမြင်သာသော နေရာ၌ စွဲမြဲစွာ ကပ်နှိပ်ရမည်ဖြစ်ကြောင်း၊ တန်ဖိုးနည်းအမှတ်တံဆိပ် အရေအတွက် များပြားစွာ ကပ်နှိပ် ခြင်း၊ QR Code ဖတ်၍ မရစေရန် အခွန်အမှတ်တံဆိပ်များ တစ်ခုနှင့်တစ်ခု ထပ်၍ စုပြုံကပ်နှိပ်ခြင်း၊ အခွန်အမှတ်တံဆိပ် များအပေါ်တွင် ဆိုင်အမှတ်အသား တံဆိပ်ကို ထပ်၍ပုံနှိပ်ခြင်း၊ မင်လုံးကြီးသည့် marker pen/ colour pen များဖြင့် ပယ်ဖျက်ခြင်းများ မပြုလုပ်ရန် လိုပါကြောင်း၊ ပျက်ကွက်မှုအတွက် ပြစ်ဒဏ်များနှင့် ပတ်သက်၍ လုပ်ငန်းရှင်များအား အသေးစိတ်ဆွေးနွေးခဲ့ပြီး” တက်ရောက်လာကြသော ရွှေဆိုင်လုပ်ငန်းရှင် များ၊ မိုဘိုင်းဖုန်းအရောင်းဆိုင် ပိုင်ရှင်များ၊ တည်းခိုခန်းပိုင်ရှင်များက သိလိုသည့်အချက်များအား ပြန်လည်မေးမြန်းခဲ့ကြရာ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးတင်မောင်ထွေးမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်